သက်တံ့
၂၉. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၎င်းတို့၏ တရုတ်နိုင်ငံသား အလုပ်ရှင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စွပ်စွဲခံထားရသော မြန်မာအလုပ်သား ၄ ဦးကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ ဝိုင်းရံထားသည့် ကြံခင်းတစ်ခုထဲမှ ထွက်လာပြီးနောက် ချွန်ဘူရီခရိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး (ဇနီးမောင်နှံ ၂ တွဲ) ပါဝင်သော အဆိုပါသံသယရှိသူများသည် ဖနတ်နီခွန် (Phanat Nikhom) ခရိုင်အတွင်း ၅ နာရီကျော်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၈ ရက် မနေ့က ညပိုင်းတွင် ပုန်းအောင်းရာမှ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက်က ဘန်ကောက်မြို့၊ လတ်ကရာဘန် (Lat Krabang) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား အလုပ်ရှင် ယန်းဇုံရှု(Yang Zhongshu) သတ်ဖြတ်ခံရပြီးနောက် သံသယရှိသူ ၄ ဦးမှာ ယင်းဒေသသို့ ထွက်ပြေးသွားကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့ထံမှ ချွန်ဘူရီ ရဲစုံစမ်းစစ်ဆေးရေးမှူးများက မွန်းလွဲ ၃ နာရီခန့်တွင် သတင်းရရှိခဲ့သည်။
အလုပ်ထွက်မည့်အကြောင်း ကြိုတင်မပြောသဖြင့် အလုပ်ရှင်က လစာငွေကြေး မပေးချေရာမှစတင်သည့် အငြင်းပွားမှုကြောင့် အဆိုပါ မြန်မာအလုပ်သား ၄ ဦးက ယန်းဇုံရှုနှင့် အခြားတစ်ဦးကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့သည် ချွန်ဘူရီသို့ မသွားရောက်မီ ဘတ်ငွေ ၄၀,၀၀၀ နှင့် ၅၀,၀၀၀ ကြားကိုပါ ယန်းဇုံရှုယူဆောင်သွားခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ထိုသို့ ထွက်ပြေးသွားပြီးနောက် တာဝန်ရှိသူများက ခြေရာခံလိုက်လံရှာဖွေရာ မြန်မာလုပ်သားများ ပုန်းအောင်းနေသည် ယူဆရသော ဟွာသနွန် (Hua Thanon) နှင့် ဆာဆီလျံ (Sa Si Liam) ခရိုင်ခွဲများရှိ ရိုင် ၁၀၀ ကျော် (ဧက ၄၀ ကျော်) ကျယ်ဝန်းသော ကြံခင်းများကို ရဲအရာရှိများ၊ ဒေသန္တရအရာရှိများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် အယောက် ၁၀၀ ကျော်တို့က ရှာဖွေခဲ့ကြသည်။ သံသယရှိသူများ မလွတ်မြောက်နိုင်ရန် ရဲတပ်ဖွဲ့က နယ်မြေကို ပိတ်ဆို့ဝိုင်းရံခဲ့ပြီး သီးနှံခင်းများကြား လှုပ်ရှားမှုများကို ရှာဖွေရန် အပူချိန်တိုင်း ကင်မရာများ (Thermal cameras) တပ်ဆင်ထားသည့် ဒရုန်းများကို အသုံးပြုခဲ့သည်။
အချိန် ၅ နာရီကျော်ကြာ ရှာဖွေပြီးနောက် သံသယရှိသူ ၄ ဦးသည် ကြံခင်းအစွန်းတွင် စောင့်ဆိုင်းနေကြသော ကယ်ဆယ်ရေးအဖွဲ့ဝင်များဘက်သို့ လျှောက်ထွက်လာခဲ့ကြသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ၎င်းတို့၏ မျက်နှာများကို မှတ်မိသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါ ၄ ဦးက ကြံခင်းထဲတွင် နာရီပေါင်းများစွာ ပုန်းအောင်းနေခဲ့ရကြောင်းနှင့် သံသယရှိသူများဖြစ်ကြောင်း ဝန်ခံခဲ့ကြပြီး အစားအစာနှင့် ရေတောင်းခံခဲ့ကြသည်ဟု ဆိုသည်။
ထို့နောက် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားခဲ့ပြီး မင်ဘူရီ (Min Buri) တရားရုံးမှ ထုတ်ပြန်ထားသော ဖမ်းဝမ်းများအရ ၎င်းတို့သည် လိုအပ်နေသော သံသယရှိသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
လေးဦးစလုံးကို ချာချောင်းဆာယို (Chachoengsao) ပြည်နယ်၊ ဖလန်ယာအို (Plaeng Yao) ခရိုင် နယ်စပ်အနီး၊ ဆာဆီလျံခရိုင်ခွဲတွင် အောက်တိုဘာ ၂၈ ရက် ည ၁၁ နာရီခန့်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် မူလတန်းစစ်ဆေးမေးမြန်းမှုများအရ သံသယရှိသူ လေးဦးစလုံးက ပြစ်မှုကို ကျူးလွန်ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့နောက် လူသတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်နှင့် သက်သေအထောက်အထားများ ကောက်ယူရန်အတွက် ၎င်းတို့အား လတ်ကရာဘန် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
Ref: Thaiger

