သက်တံ့
၂၈. ၁၀. ၂၀၂၆
မလေးရှားနိုင်ငံ၊ ပီနန် (Penang) ပြည်နယ်၊ ဆီဘီရန် ပယ်ရိုင်း (Seberang Perai) ဒေသ
ဘူခစ် မာတာဂျမ် (Bukit Mertajam)မြို့၊ တာမန် ဆရီ ရမ်ဘိုင်း (Taman Sri Rambai) ရပ်ကွက်ရှိ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးနှင့် ပတ်သက်သော ရာဇဝတ်မှုမြောက်သည့် ခြိမ်းခြောက်မှုဖြစ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများတွင် ကူညီဆောင်ရွက်နိုင်ရန် မြန်မာ ဒုက္ခသည်ကလေးငယ်လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အဆိုပါဒေသရှိ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးအား မြန်မာဒုက္ခသည်များဟု ယူဆရသော ကလေးငယ်အုပ်စုတစ်စုက ပစ္စည်းများဖြင့် ပစ်ပေါက်နေသည့် ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သလို အသက် ၇၁ နှစ်အရွယ် အဘွားအို၏ ယမန်နေ့က တိုင်ကြားချက်အရ အသက် ၉ နှစ်မှ ၁၂ နှစ်ကြားရှိ ကလေးငယ်လေးဦးစလုံးကို ယင်းဒေသတစ်ဝိုက်ရှိ သီးခြားစီးနင်းဝင်ရောက်မှုများတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆီဘီရန် ပယ်ရိုင်း တန်ဂါ (SPT) ရဲမှူးကြီး ACP Nik Aminuddin Raja Abdullah က ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အဘွားအိုရဲ့ အိမ်အနီးက ကစားကွင်းမှာ ဆူညံစွာ ဆော့ကစားနေကြတဲ့ ကလေးအုပ်စုကို ဆူငေါက်ဆုံးမခဲ့ရာကနေ စတင်ခဲ့တာပါ” ဟု ၎င်းက ယနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သလို “ဒါပေမဲ့ အဆိုပါ ဆူငေါက်မှုကို လျစ်လျူရှုခဲ့ကြပြီးနောက် အဲဒီကလေးအုပ်စုက အဘွားအိုကို ကျောက်ခဲတွေနဲ့ သံချောင်းတစ်ချောင်း ပစ်ပေါက်ခဲ့ကြပါတယ်။ အဆိုပါ ပစ္စည်းတွေထဲက ဘယ်အရာကမှ အဆိုပါ သက်ကြီးရွယ်အိုကို မထိမှန်ခဲ့ပေမဲ့ သူမကို ကြောက်ရွံ့ထိတ်လန့်စေခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့် ဆက်စပ်သည်ဟု ယူဆရသော သက်သေခံပစ္စည်းအချို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများ အဆင်ပြေချောမွေ့စေရန် သံသယရှိသူ ကလေးငယ်လေးဦးစလုံးကို အောက်တိုဘာ ၃၀ ရက်အထိ လေးရက်ကြာ ချုပ်နှောင်စစ်ဆေးလျက်ရှိကြောင်း Nik Aminuddin က ဆိုသည်။
ယင်းအမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၆ (ရာဇဝတ်မှုမြောက် ခြိမ်းခြောက်မှု)၊ ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(စ) နှင့် ၁၉၅၅ ခုနှစ် အသေးစားပြစ်မှုများ အက်ဥပဒေ ပုဒ်မ ၁၄ တို့အရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်တွင် ကျူးလွန်သူ ကလေးငယ်များမှာ ဘင်္ဂါလီများဖြစ်ကြောင်းနှင့် မည်သည့်တိုင်းရင်းသားဖြစ်ကြောင်း ဖော်ပြမထားဘဲ မြန်မာကလေးငယ်များဟုသာ ဖော်ပြထားသည်။
Ref: Bernama
