၂၈.၁၀.၂၀၂၆
Written by KL
Hilux Surf အမျိုးအစား မော်တော်ယာဥ်တစ်စီး မောင်းနှင်လာစဥ် လမ်းလယ်ကျွန်းနှင့် အရိပ်ရအပင်ကို ဝင်တိုက်ရာမှ ယာဥ်မောင်းသေဆုံးမှု အောက်တိုဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၅၄ /၆နှင့် ၅၄/၇အကြား ရန်ကုန် – နေပြည်တော်အသွားလမ်းဘက်တွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
အမျိုးသားတစ်ဦးတည်း မောင်းနှင်လာသော TOYOTA Hilux Surf အမျိုးအစား နက်ပြာရောင် မော်တော်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် အရိပ်ရပင်ကို တိုက်မိပြီး ဆန့်ကျင်ဖက်ယာဉ်ကြောဖြစ်သော နေပြည်တော်-ရန်ကုန်ဘက်ခြမ်း မြေသား တာဘောင်ပေါ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းအမျိုးသားမှာ နေရာတွင် သေဆုံးခဲ့ပြီး Guard Rail (၁)ခန်းနှင့် အရိပ်ရအပင်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက် နံနက် ၄ နာရီ မိနစ် ၅၀ ခန့်ကလည်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၃/၀ နှင့် ၁၅၂/၇ ကြားတွင် ကုန်တင်ယာဥ်တစ်စီးက မိုးရွာ၍ လမ်းဘေးတွင် ရပ်ထားသော CANTER ယာဉ်ကို အနောက်မှ ဝင်တိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်း၌ ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအနက် ယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့် ဖြစ်ပွားသည်မှာ အများဆုံးဖြစ်သောကြောင့် ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြရန်၊ ကျန်းမာရေးကောင်းမှသာ မောင်းနှင်ရန်၊ ယာဥ်ပေါ်ပါသူအားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေ သေချာစွာပတ်ထားရန်နှင့် ယာဉ်အမျိုးအစား အလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
