၂၈.၁၀.၂၀၂၆
Written By Thandar
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust) က ဦးဆောင်ကျင်းပတဲ့ မြန်မာ့ရိုးရာအငွေ့အသက်တွေကို ပြန်လည်ခံစားနိုင်ဖို့အတွက် “မြန်မာ့ရိုးရာပွဲဈေး”ကို လာမယ့် နိုဝင်ဘာလ ၆ ရက်ကနေ နိုဝင်ဘာ ၈ ရက်အထိ နံနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ရန်ကုန်မြိုရှိ Yangon Convention Center (YCC) Inya Lake မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ဝင်ကြေးအခမဲ့နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။
“မြန်မာ့ရိုးရာပွဲတော်ကို ကျင်းပရတာက ဓလေ့ထုံးတမ်း အစဉ်အလာကို အများပြည်သူတွေ ကျယ်ပြန့်စွာသိရှိပြီး နှစ်ခြိုက်စွာ ထိန်းသိမ်းသွားကြဖို့ မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်ဆင့်ကမ်းတာပါ။ နိုင်ငံတကာ အသိုက်အဝန်းတွေက မြန်မာ့ကိုယ်ပိုင်ယဥ်ကျေးမှုဆိုင်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်သိရှိလာပြီး စိတ်ဝင်တစား အားပေးလာစေဖို့ရယ်၊ ခေတ်ပေါ်စားသောက်ကုန်တွေကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရိုးရာအစားအစာတွေကို မျိုးဆက်သစ်လူငယ်တွေ သိရှိမြတ်နိုးထားတတ်စေဖို့ပါ။ ကျွန်မတို့ရဲ့ ပြည်တွင်းဖြစ် စိုက်ပျိုးရေးထွက်ကုန်တွေကို အခြေခံတဲ့ ရိုးရာအစားအစာလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဈေးကွက်ကို ဖော်ဆောင်ပေးဖို့ မြန်မာ့ရိုးရာ အနုသုခုမ ဖျော်ဖြေတင်ဆက်မှုတွေကို လူမှုအသိုက်အဝန်းအတွက် အကျိုးပြုဖို့ပါ။ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်လာစေဖို့ UNESCO ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အထောက်အကူဖြစ်စေပါ။ နောက် တိုင်းရင်းသားဒေသအသီးသီးက ရိုးရာလက်မှုပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ရိုးရာအစားအစာတွေကို တစ်နေရာတည်း၊ တစုတဝေးတည်း ရရှိနိုင်စေဖို့ပါ။ မြန်မာနိုင်ငံရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေ ဒေသအလိုက်ရိုးရာပွဲတော်တွေ၊ ရိုးရာ အစားအစာ၊ လက်မှုပညာတွေ၊ ဇာတ်သဘင်နဲ့ အနုပညာ ဖျော်ဖြေမှုတွေပါပါတယ်”လို့ ဒေါ်စန္ဒာခင် (မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ (Myanmar Cultural Heritage Trust – MCHT) ဥက္ကဋ္ဌက ပြောပါတယ်။
အဆိုပါ ပွဲမှာတော့ ဆိုင်ခန်းပေါင်း ၁၅၅ ခန်း ဖွင့်လှစ်သွားမှာဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာတွေ၊ ရိုးရာ အဝတ်အထည်တွေ၊ မြန်မာ့စားဖွယ်ရာတွေ လက်တွေ့ပြုလုပ်ပြသခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲတွေနဲ့ တိုင်းရင်းသားရိုးရာအကဖျော်ဖြေမှုတွေပါ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ နာမည်ကျော် ဇာတ်မင်းသား စမ်းရေမိုးဇာတ်ပွဲက နေ့လည် ၂ နာရီကနေ ညနေ ၆ နာရီအထိ ကပြဖျော်ဖြေသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ Project K အဖွဲက ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ “ရိုးရာပွဲဈေးနှင့် အနှစ်သာရ”၊ “ရိုးရာအစားအစာနှင့် လက်ဆင့်ကမ်းအမွေ” ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ၊ ပုန်းရည်ကြီး လက်တွေ့ထုတ်လုပ်ပြသခြင်းနဲ့ အမြည်းကျွေးခြင်းအစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာလည်း “မြန်မာ့အစားအစာနှင့် အာဟာရ” ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲနဲ့ ကောက်လှိုင်းတီမုန့်အပါအဝင် မြန်မာ့ရိုးရာမုန့်တွေကို လက်တွေ့ပြုလုပ်ပြသခြင်းအပြင် အမြည်းကျွေးခြင်း အစီအစဉ်နဲ့ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက ဆန်းသစ်သောတိုင်းရင်းသားရိုးရာအကအလှတွေနဲ့ မြူးမြူး ကြွကြွဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်မှာဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) ကို ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုပွဲတော်တွေနဲ့ တိုင်းရင်းသားရိုးရာပွဲတော်တွေကို စဉ်ဆက်မပြတ်ကျင်းပဆောင်ရွက်လျက်ရှိတာလည်းဖြစ်ပါတယ်။
#အပြုံးမင်းသားလေးစမ်းရေမိုး #SanYayMoe #ဇာတ်သဘင်ဖျော်ဖြေမှု #ProjectK #MyanmarCulturalHeritageTrust #မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ #မြန်မာ့ရိုးရာပွဲတော်2026 #မြန်မာ့ရိုးရာအငွေ့အသက် #MyanmarTraditionalFestival2026 #HenrySan #Thuyawinhtut
