၂၈.၁၀.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏အရှေ့ဘက်အကျဆုံး လတ်ကရာဘန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်သားများ နေထိုင်ရာ စခန်းတစ်ခုတွင် တရုတ်လူမျိုး အလုပ်ရှင်နှစ်ဦးကို ရိုက်နှက်ထိုးခုတ်ခဲ့သည်ဆိုသော မြန်မာအလုပ်သမား လေးဦး (လင်မယား နှစ်တွဲ) ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် တရုတ်လူမျိုး အလုပ်ရှင်တစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ တရားခံများမှာ လုပ်ခလစာ ဘတ်ငွေ ၅၀,၀၀၀ ခန့်ကို ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြသည်။
အလုပ်သမားများက အလုပ်မှထွက်ခွင့်တောင်းခံရာတွင် လုပ်ခလစာပေးချေရန် ငြင်းပယ်ခံခဲ့ရခြင်းကြောင့် စကားများရန်ဖြစ်ရာမှ ဤတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ယူဆရသည်။ အလုပ်သမားများသည် အလုပ်မှ မထွက်ခွာမီ ကြိုတင်အသိပေးရမည်ဟူသော သဘောတူညီချက်ကို လိုက်နာခြင်းမရှိခဲ့သည့်အတွက် လုပ်ခလစာ ပေးချေရန် ငြင်းပယ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်သည် ကလုံဆောင်တွန်နွန်ခရိုင်ခွဲ၊ ဖတ်တနား ချုံနာဘေ့ာ လမ်းသွယ် (၃) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လတ်ကရာဘန်ခရိုင် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးဌာန ဒုတိယအကြီးအကဲ ရဲအရာရှိ ဂျိမ်းနာရွန် အရီးက ပြောကြားသည်။ ၎င်းသည် အောက်တိုဘာလ ၂၇ ရက် ည ၈ နာရီအချိန်တွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းရရှိခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ကယ်ဆယ်ရေး အဖွဲ့ ဝင်များ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
နေရာသို့ ရောက်ရှိချိန်တွင် အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား ယန်ဇုံရှုး ဆိုသူအား ခေါင်းနှင့် မျက်နှာတို့တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ ဒဏ်ရာများသည် မာကျောသော အရာဝတ္ထုတစ်ခုခုဖြင့် ရိုက်နှက်ခံရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း အသက်ပြန်ရှင်လာခြင်း မရှိခဲ့ပေ။
အသက် ၄၉ နှစ်အရွယ် အခြား တရုတ်နိုင်ငံသားတစ်ဦးမှာလည်း ခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကျောဘက်တွင် ဓားဖြင့် ထိုးခံရသည့် ဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းကို သီရိဒုံဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ရဲတပ်ဖွဲ့သည် ဖြစ်စဉ်ဖြစ်ပွားရာနေရာ၌ အလျား ၆၀ စင်တီမီတာခန့်ရှိ သွေးစွန်းနေသော သံချောင်း တစ်ချောင်းနှင့် လုပ်ခလစာများ ထည့်ထားသည့် သွေးစွန်းနေသော စာအိတ်တစ်အိတ်ကို တွေ့ရှိခဲ့ရပြီး ၎င်းပစ္စည်းများကို သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။
မျက်မြင်သက်သေများ၏ ကနဦးထွက်ဆိုချက်များအရ အောက်တိုဘာလ ၂၇ ရက် ညနေ ၆ နာရီခွဲအချိန်တွင် ယန်နှင့်ဒဏ်ရာရရှိခဲ့သောတရုတ်နိုင်ငံသားတို့သည် မြန်မာအလုပ်သမား ၆၀ ကျော်အား လစဉ်လုပ်ခလစာ ပေးချေရန်အတွက် အဆိုပါ စခန်းသို့ ရောက်ရှိလာခဲ့ကြသည်။
လုပ်ခလစာပေးချေနေစဉ်အတွင်း ယန်က အဆိုပါ မြန်မာအလုပ်သမား လင်မယားနှစ်တွဲအား ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးနှင့် ပတ်သက်၍ ဆူပူပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၎င်းတို့ လေးဦးက ရုတ်တရက် အလုပ်မှ ထွက်ခွင့်တောင်းခံခဲ့သော်လည်း အလုပ်မှ မထွက်ခွာမီ ကြိုတင်အသိပေးရမည်ဟူသော သဘောတူညီချက်ကို အကြောင်းပြကာ ယန်က ၎င်းတို့၏ လုပ်ခလစာများကို ပေးအပ်ရန် ငြင်းဆိုခဲ့သည်။
ငွေပေးချေရန် ငြင်းဆိုလိုက်သည့်အတွက် အလွန်ဒေါသထွက်သွားကြသော ၎င်းတို့လေးဦးက အလုပ်ရှင်နှစ်ဦးကို သံချောင်းဖြင့် ရိုက်နှက်ပြီး ဓားဖြင့် ထိုးခုတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ၎င်းတို့သည် ငွေသား ဘတ် ၄၀,၀၀၀ မှ ၅၀,၀၀၀ ခန့်ကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြသည်။
လတ်ကရာဘန်ခရိုင် ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက်ရှိ CCTV မှတ် တမ်းများကိုစစ်ဆေးလျက်ရှိသည်။ သံသယရှိသူလေးဦးအနက် တစ်ဦးမှာ အသက် ၂၅ နှစ်အရွယ် စိုးထိုက်အောင်ဆိုသူ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
Ref: Bangkok Post
