၂၇.၁၀.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က သူမကို နယူးယော့ခ်မြို့ရှိ Plaza Hotel ၌ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလက မုဒိမ်းကျင့်ခဲ့တယ်လို့ ဆွစ်ဇာလန်အလှမယ်ဟောင်း ဘီထရွိုက်စ် ကီအူးလ်ရဲ့ စွပ်စွဲပြောဆိုချက်တွေက အောက်တိုဘာလ ၂၆ ရက်မှာထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီစွပ်စွဲချက်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်သူ ဂျက်ဖရေး အက်စတိန်းနဲ့ ထရမ့်ပ်တို့အကြား ဆက်နွှယ်မှုရှိနိုင်တယ်လို့ စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေကထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြခဲ့တာပါ။
၁၉၉၃ ခုနှစ်က ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်လို့ ကီအူးလ်ရဲ့ ပြောဆိုချက်တွေကို အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီအမတ်တွေက အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြခဲ့ပေမယ့် အိမ်ဖြူတော်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
အိမ်ဖြူတော်က စွပ်စွဲချက်တွေက မမှန်ကန်ဘူးဆိုတာ ငြင်းဆိုထားတဲ့အပြင် အက်စတိန်းနဲ့ ပတ်သက်လို့ ထရမ့်ပ်ဟာ လုံးဝ အပြစ်ကင်းစင်တာ သက်သေပြပြီးဖြစ်တယ် လို့ ပြောကြားထားပါတယ်။
အစီရင်ခံစာမှာ ကီအူးလ်ရဲ့ ပြောပြချက်တွေကို ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် ဖော်ပြထားပြီး၊ ထရမ့်ပ်၊ အက်စတိန်းနဲ့ အခြားသူတွေဟာ အသက် ၁၆ နှစ်မှ ၂၂ နှစ်ကြား အမျိုးသမီးငယ်တွေအတွက် ကျင်းပတဲ့ “Donald J. Trump American Dream Pageant” အလှမယ်ပြိုင်ပွဲကို အားနည်းချက်ရှိတဲ့ အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးတွေကို ပစ်မှတ်ထား ဖမ်းဆီးဖို့ သားကောင်ရှာဖွေရာ နေရာတစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ကီအူးလ် ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထရမ့်ပ် အပေါ် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ထားတာ မရှိသေးပါဘူး။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လောရင် ဘစ် က PEOPLE မဂ္ဂဇင်းသို့ ပေးပို့တဲ့ ထုတ်ပြန်ချက်တစ်ခုမှာ အဆိုပါစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး၊ သမ္မတက ဂျက်ဖရီ အက်စတိန်းဟာ လူယုတ်မာတစ်ဦး ဖြစ်တာကြောင့် သမ္မတရဲ့ မာအာလာဂို အပန်းဖြေစခန်းကနေ နှင်ထုတ်ခဲ့တာဖြစ်ပြီး၊ အက်စတိန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ သမ္မတအနေနဲ့ လုံးဝ အပြစ်ကင်းစင်တာ ထင်ရှားတယ်လို့ ပြောခဲ့ပါတယ်။



အစီရင်ခံစာအရ ကီအူးလ်ဟာ အသက် ၂၄ နှစ်အရွယ်မှာ မော်ဒယ်တစ်ဦးအဖြစ်နဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး၊ ၁၉၉၃ ခုနှစ် နိုဝင်ဘာလက အတ္တလန်တိတ်စီတီးနဲ့ နယူးယော့ခ် မြို့တွေမှာ ကျင်းပခဲ့တဲ့ အလှမယ်ပြိုင်ပွဲကို တက်ရောက်ဖို့ ဂျေလ်ဟတ် ဆိုသူက သူမကို ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။
အစီရင်ခံစာမှာ ကီအူးလ်က ပြောပြချက်အရ၊ အဲဒီအချိန်တုန်းက ထရမ့်ပ် ပိုင်ဆိုင်တဲ့ Plaza Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းထောက်တွေနဲ့ နေ့လယ်စာစားပွဲတစ်ခုမှာ ထရမ့်ပ်က သူမဆီ ချဉ်းကပ်လာပြီး ဗီဇာရရှိအောင် ကူညီပေးမယ်၊ နယူးယော့ခ် တက္ကသိုလ် (NYU) မှာ ဝင်ခွင့်ရအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ အက်စတိန်း ကလည်း သူမဆီ ချဉ်းကပ်လာပြီး အလားတူ ကတိတွေ ပေးခဲ့သလို မာအာလာဂိုမှာ ကျင်းပမယ့် ပါတီပွဲတစ်ခုကို တက်ရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်တစ်ဦးက ကီအူးလ်ကို အပေါ်ထပ်တက်ပြီး ထရမ့်ပ်နဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အစီရင်ခံစာအရ ကီအူးလ်က ဒီတွေ့ဆုံမှုဟာ သူမရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပညာရေးအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အခန်းထဲ ရောက်သွားတဲ့အခါ ထရမ့်ပ်က သူမကို နောက်ကနေ ဖမ်းချုပ်ပြီး မုဒိမ်းကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် သူမရဲ့ ဝတ်စုံ စုတ်ပြဲသွားခဲ့ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများမှာ သွေးထွက်ဒဏ်ရာတွေ၊ ညိုမည်းဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကီအူးလ်က ဒီဖြစ်ရပ်ကို အလွန်ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။
ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထရမ့်ပ်က ကီအူးလ် ကို ဗီဇာရရှိရေးနဲ့ NYU ဝင်ခွင့်ရရေး ကူညီပေးမယ်ဆိုတဲ့ ကတိတွေကို ထပ်ပြောခဲ့သလို၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဘဲ တိတ်တိတ်နေဖို့ သူမကို ကတိပေးခိုင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကီအူးလ်က သူမ ဟာ အလွန်ကြောက်လန့်တကြားနဲ့ စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေမျိုးမှာပဲ အလှမယ်ပြိုင်ပွဲကို ပြီးဆုံးအောင် လုပ်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံကို ပြန်သွားခဲ့တာလို့ဆိုပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာ ထရမ့်ပ် ဦးဆောင်ကျင်းပတဲ့ နောက်ထပ် အလှမယ်ပြိုင်ပွဲတစ်ခုကို ဟာဝိုင်အီမှာ ပြုလုပ်ဖို့ ရှိပေမဲ့ သူမကတော့ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လအနည်းငယ်အကြာမှာ ထရမ့်ပ်က ဆွစ်ဇာလန်နိုင်ငံ၌ ရှိနေသော သူမထံ ဖုန်းဆက်ခဲ့ပြီး၊ ဗီဇာရရှိရေးနဲ့ NYU တွင် ဝင်ခွင့်ရရှိရေးတို့အတွက် ကူညီပေးမည်ဟု ထပ်မံကမ်းလှမ်းခဲ့ပေမယ့် သူမက ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထရမ့်ပ်အပေါ် အရင်ကလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုင်ရာ စွပ်စွဲချက်တွေ ရှိခဲ့ပြီး အခု အောက် လွှတ်တော် ဒီမိုကရက်အမတ်တွေရဲ့ အစီရင်ခံစာပါစွပ်စွဲချက်ကို အိမ်ဖြူတော်ရဲ့ ငြင်းဆိုချက်က ထိုအခြေအနေတွေအကြားမှာပဲ ပေါ်ပေါက်လာတာပါ။
Ref-People.com
