၂၇.၁၀.၂၀၂၆
Written by KL
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကစားကွင်းတစ်ခုရှိ ရေကူးကန်တွင် အောက်တိုဘာ ၂၆ ရက်၊ (သီတင်းကျွတ်လပြည့်နေ့) မွန်းလွဲ ၂ နာရီခန့်က ရေဆင်းကူးသည့် အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ရေကူးကန်မှာရေနစ်နေတာ ကယ်မယ့်သူမရှိပါဘူး၊အိမ်ကအလုပ်သမားနှစ်ယောက်ဆင်းကယ်မှ အပေါ်ပြန်ရောက်လာတယ် အဲ့ဒီက အစောင့်တစ်ယောက်ကနောက်မှဝင်လာပြီး ရင်ဘတ်ထုပေး မရတာနဲ့ နေလိုက်ရော၊ အကူအညီတောင်းပြီး ကားခေါ်ခိုင်းတာတောင် ကူညီမယ့်သူမရှိဘူး။ လမ်းမပေါ်ထွက်ပြီးအကူအညီတောင်းပြီး ကားတားမှ ဆေးရုံကို စသွားရတယ် ကျမမောင်လေးအသက်လည်းမမှီခဲ့ဘူး”ဟု သေဆုံးကလေးငယ်၏ အမဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဖြစ်စဥ်မှာ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဧည့်မထလမ်းတွင် နေထိုင်သော အသက် ၁၂ နှစ်အရွယ် မောင်ကျော်ဇေယျာလင်း(ခ)သားထွေးမှာ ရေကူးကန်တွင် ရေကစားနေစဥ်ရေနစ်ကာ သတိလစ်မေ့မျောနေသဖြင့် မိသားစုဝင်များက ဆယ်ယူကာ မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။




အဆိုပါ ဖြစ်စဥ်ဖြစ်ပွားသော ရေကူးကန်မှာ အန်ကယ်လ်ကြီး ရေကူးကန်ဖြစ်သည်ဟုလည်း မြဝတီဟစ်တိုင် Group တွင် Myat Phoo Wai အကောင့်ပိုင်ရှင်က ကလေးငယ်၏ ရုပ်ပုံနှင့် ရေးသားထားသည်ကို အမဖြစ်သူက မျှဝေထားသည်ကိုလည်း တွေ့ရသည်။
သေဆုံးကလေးငယ်၏ ရုပ်အလောင်းကို အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် မြဝတီသုသာန်တွင် မီးသင်္ဂြိုဟ်မည် ဖြစ်သည်။
ရေကူးကန်၌ အသက်အန္တရာယ်ဘေးကင်းလုံခြုံရေးအတွက် ရုတ်တရက် ဖြစ်ပေါ်လာတတ်သော ရေနစ်မှုများအတွက် ရေကူးကျွမ်းကျင်သော လုံခြုံရေးဝန်ထမ်းများ ချထားသင့်ပြီး ရေဆင်းကူးသူ ကလေးငယ်များအနေဖြင့် မိသားစုဝင်လူကြီးများနှင့်အတူ ရေကစားသင့်ကြောင်း၊ ရေကူးကန်ဖွင့်လှစ်ထားသူ အနေဖြင့် ရေကူးကန် လုံခြုံရေးနှင့် ဘေးအန္တရာယ် ကာကွယ်မှု စနစ်တကျရှိရန် လိုအပ်ကြောင်း၊ မြိုနယ်တိုင်းတွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်မှုများရှိပြီး လူတိုင်းလည်း တက်ထားသင့်ကြောင်း ဒေသခံများက အကြံပြုသည်။
Photo – Akkara Hnin Nwe & Screenshot
