


၂၇.၁၀.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက် မြရတနာလမ်းရှိ နေအိမ်တစ်လုံးတွင် မီးပုံပျံအတွက် ယမ်းခွေပြင်ဆင်ရင်းဖြစ်ပွားခဲ့သော ပေါက်ကွဲမီးလောင်မှုကြောင့် ဆေးရုံတက်ကုသနေရသူ သုံးဦးအနက် အမျိုးသားတစ်ဦးမှာ အောက်တိုဘာ ၂၆ ရက် နံနက် ၂ နာရီခန့်က ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေထိုင်သူဖြစ်ပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ၂ ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
“ဒဏ်ရာရတဲ့သူ သုံးယောက်မှာ အခုတစ်ယောက်ဆုံးသွားတယ်၊ ဆေးရုံမှာရှိနေတဲ့ လူနာထဲက တစ်ယောက်ကလည်း စိုးရိမ်ရတုန်းပါပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက် ည ၇ နာရီ၂၀ မိနစ်ခန့်က တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြရတနာလမ်းရှိ နေအိမ်တစ်လုံးတွင် ပုံရိပ်အဖွဲ့၏ ညမီးကြီးမီးပုံးပျံအတွက် ယမ်းခွေများပြင်ဆင်ရာမှ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာလာရောက်ကြည့်ရှုသူ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံမင်းထက်မှာ နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား သုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မီးပုံးပျံပြုလုပ်ရာမှ ပေါက်ကွဲမီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ချယ်ရီဦး Group က ကျပ်သိန်း ၁၀၀ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
“အရင်ကတော့ မီးပုံးပျံလုပ်တဲ့အခါမှာ ယမ်းသုံးရင် ယမ်းကျွမ်းကျင်သူတွေ ကြီးကြပ်ကွပ်ကဲဖို့ ညွှန်ကြားထားတာ ရှိတယ်ထင်တယ်။ နှစ်တိုင်း ဒီပြဿနာမျိုး မဖြစ်အောင်တော့ စီစဥ်ထားသင့်တယ်”ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
