
၂၅.၁၀.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တစ်ပင်ချောင်းကျေးရွာရှိ မြစိမ်းရောင်တောင်တော် ရှေးဟောင်းယဉ်ကျေးမှုသာသနာ့နယ်မြေ၊ နန်းတော်ဦးကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သော ဉာဏ်တော်အမြင့် ပေ ၃၀ ခန့်ရှိ နန်းတော်ဦးရွှေစေတီတော်၏ စိန်ဖူးတော်ခိုးယူခံရမှုမှ ဆက်စပ်သည့် အမျိုးသားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်တိုဘာ ၂၅ ရက်တွင် သိရသည်။
ဖြစ်စဉ်မှာ နန်းတော်ဦးရွှေစေတီတော်၏ စိန်ဖူးတော် ပျောက်ဆုံးနေကြောင်းကို နန်းတော်ဦးကျောင်းတိုက်ဆရာတော်က စက်တင်ဘာ ၂၄ ရက်တွင် တွေ့ရှိခဲ့ပြီး ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ထို့နောက် မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ မြောင်းမြမြို့မရဲစခန်းမှူး ဒုတိယရဲမှူးလှဌေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကိုလတ်အပါအဝင် တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာ တစ်ပင်ချောင်းကျေးရွာသို့ သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် အောက်တိုဘာ ၁၂ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် မြောင်းမြမြို့၊ အမှတ် (၂) ရပ်ကွက်၊ အောင်ဆန်းလမ်းမကြီးရှိ ” ဦးသိန်းဇော် ” ရွှေပန်းထိမ်ဆိုင်သို့ အမျိုးသားနှစ်ဦးက ကျောက်ဖြူတစ်လုံးပါ ရွှေနားကပ်တစ်စုံ၊ ကျောက်စိမ်းနှင့် ကျောက်ဖြူပတ်လည်ပါ ရွှေနားကပ်တစ်စုံ၊ ကျောက်စိမ်းတစ်လုံးပါ ရွှေလက်စွပ်တစ်ကွင်းတို့ကို လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေပန်းထိမ်ဆိုင်သို့ ရောင်းချလာသည့် ရွှေထည်ပစ္စည်းများနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်အပြင် ရဲစခန်းမှ ဖြန့်ဝေထားသော ပစ္စည်းကြော်ငြာစာပါ ပစ္စည်းများနှင့် ကိုက်ညီနေသဖြင့် မြောင်းမြမြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါရွှေထည်ပစ္စည်းများသည် နန်းတော်ဦးရွှေစေတီတော်မှ ခိုးယူသွားသည့် စိန်ဖူးတော်အတွင်းရှိ ဌာပနာဘူးမှ ပစ္စည်းများဖြစ်ကြောင်းသိရှိရပြီး ခိုးယူသွားသူများမှာမြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုနေ မင်းခန့် (ခ) နွားကြီးနှင့် ကံ့ကော်မြိုင်ရပ်၊ ကံ့ကော်မြိုင် (၉)လမ်းနေ တင်မောင်ချို (ခ) မောင်ချိုတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တရားခံနှစ်ဦးအား ချုပ်ရီမန်ရယူရန် ဆောင်ရွက်ခဲ့ပြီး အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ၊ မရှိနှင့် ယခင်ပြစ်မှုမှတ်တမ်းများ ရှိ၊ မရှိ ဆက်လက်စုံစမ်းစစ်ဆေးကာ အမှုခိုင်မာစွာ တည်ဆောက်၍ ဥပဒေအကြံပြုချက်ရယူပြီး အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
