






၂၅.၁၀.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း(၁၉)မိုင်၊ မီးသတ်ကွေ့တွင် အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၆ နာရီ ၅ မိနစ်ခန့်က AD Vanယာဥ်နှင့် အဝေးပြေးခရီးသည်ယာဥ်တို့တိုက်မိပြီး ခရီးသည်ယာဥ် ချောက်ထဲကျတိမ်းမှောက်ခဲ့သဖြင့် လူ ၆ ဦးသေဆုံးပြီး၂၅ ဦးဒဏ်ရာရရှိခဲ့မှုကြောင့် သေဆုံးခဲ့သော AD Van ယာဥ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ က/၃၃၈/၃၃၇ တို့ဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှသိရသည်။
အမျိုးသားတစ်ဦး မောင်းနှင်လာသော ချိုလွင်မန်းယာဥ်လိုင်းမှ NISSAN WINGROAD AD VAN အမျိုးအစား မော်တော်ယာဥ်နှင့် ခရီးသည် ၃၀ ခန့်လိုက်ပါသော YUTOUNG အမျိုးအစား နယူးမန္တလာထွန်းခရီးသည်တင်ယာဥ်တို့ တိုက်မိရာမှ အရှိန်လွန်ကာ ခရီးသည်တင်ယာဥ်မှာ ပေ ၃၀၀ ခန့်နက်သော ချောက်ထဲကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်နွဲ့နွဲ့စမ်း၊ နယူးမန္တလာထွန်းခရီးသည်တင်ယာဥ်လိုင်းမှ ယာဥ်မောင်း ဦးဖြိုးကိုကိုအောင်၊ မစုစုအောင်၊ကလေးငယ်တစ်ဦး ၊ အသက် ၂၆ နှစ်အရွယ် ကိုဝေဖြိုးအောင်နှင့် အသက် ၄၁ နှစ်အရွယ် ကိုရဲဝင်းအောင်နှင့် ချိုလွင်မန်း ယာဥ်လိုင်းမှ AD VANယာဥ်မောင်း ဦးရဲဝင်း အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ်မှ အသက် ၇၂ နှစ်ကြားအရွယ် ခရီးသည်များနှင့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက် အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
“ခရီးသည်တင်ယာဥ်က ၅ဦးနဲ့ AD VAN က တစ်ယောက်ဆုံးတယ်၊ ဒဏ်ရာရသူတွေကလည်း မစိုးရိမ်ရပါဘူး၊ “ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
ယာဥ်တိမ်းမှောက်မှုနေရာသို့ ဗဟိုမီးသတ်သင်တန်းကျောင်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း၊မန္တလေးတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းအပါအဝင် မန္တလေးအခြေစိုက်လူမှုကယ်ဆယ်ရေးအသင်း ၁၀သင်းမှ အသင်းဝင်များက ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံနှင့်မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
