

၂၅.၁၀.၂၀၂၆
Written by Thiri
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် မီးပုံးပျံယမ်းခွေတွေ ပြင်ဆင် စပ်လုပ်ရာမှတစ်ဆင့် မီးလောင်ပေါက်ကွဲမှု တစ်ရပ် အောက်တိုဘာ ၂၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံးပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြရတနာလမ်း (ခြင်္သေ့ ၂ ကောင် အတက်လမ်း)၊ အောင်မြေသာစည်ကျောင်း အနောက်ဘက်ရှိ “ပုံရိပ်အဖွဲ့” မီးပုံးပျံအဖွဲ့ ပြင်ဆင်ပြုလုပ်နေစဉ် ယမ်းစပ်ရာက အခုလိုပေါက်ကွဲမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အိမ်ပိုင်ရှင်ဖြစ်သူ “ပုံရိပ်အဖွဲ့” မီးဆရာရဲ့ နေအိမ်မှာ မီးကြီး အမျိုးအစား မီးပုံးပျံ ၃ လုံးစာ (ပုံရိပ်မီး၊ ချယ်ရီမီးနဲ့ အခြား မီးအဖွဲ့ တစ်ခုအတွက်) ယမ်းခွေတွေကို ပြင်ဆင်ထားခဲ့တာဖြစ်ပြီး ယမ်းခွေ ၃ ခုစလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲခဲ့တာကြောင့် အလွန်အမင်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပေါက်ကွဲ မီးလောင်မှုကြောင့် မြို့မရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး၊ လူတစ်ဦး ခြေထောက် ပြင်းထန် ဒဏ်ရာရရှိကာ အခြားသူ တစ်ဦးမှာလည်း ပြင်းထန်ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နေရာဆီ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မီးလောင်ကျွမ်းမှုကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ကာ၊ အိမ်ပိုင်ရှင်ဖြစ်သူ ပုံရိပ်အဖွဲ့ မီးဆရာကိုလည်း တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလတွေမှာ မီးပုံးပျံ ယမ်းလုပ်ငန်းတွေ ဆောင်ရွက်ပါက စည်းကမ်းချက်တွေနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြုရန် လိုအပ်ပြီး နှစ်စဉ် နှစ်တိုင်း မတော်တဆ ဖြစ်ပွားလေ့ရှိတာမို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံကနေ အတည်ပြု စစ်ဆေးမှုတွေ ရယူပြီးမှ ဆောင်ရွက်ရကြောင်းလည်း တောင်ကြီးမြို့ မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ အခုဖြစ်စဉ်ကို သက်ဆိုင်ရာမှ ဆက်လက် စုံစမ်း အရေးယူမှုများ ပြုလုပ်လျက်ရှိသလို ရိုးရာပွဲ ဆင်နွှဲဖို့ ဆောင်ရွက်လျက်ရှိတဲ့ အခြားအဖွဲ့တွေကိုလည်း ပိုမို သတိပြုဆောင်ရွက်ကြဖို့ အသိပေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
