




၂၄.၁၀.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သီတင်းကျွတ်ပွဲဲတော်ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုနှင့် MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များက ဖျော်ဖြေတီးခတ် တင်ဆက်ကပြခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဈေးဆိုင်ခန်းများ၊ အလှမွေးငါး အိမ်မွေးတိရစ္ဆာန်၊ တွားသွားသတ္တဝါ၊ အရောင်းပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲကြသည်။
အဆိုပါ သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ နေ့စဉ်နံနက်ပိုင်းမှ ည (၁ဝ) နာရီအထိ ရောင်းချပြသသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်းရှင်များအပြင် ၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ UMFCCI အသင်းချုပ်နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပါဝင်ကြပြီး ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရန် စာအုပ်အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများနှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြခန်းများအပါအဝင် စုစုပေါင်း ဆိုင်ခန်း (၆၂၈) ခန်းကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ထို့ပြင် သီတင်းကျွတ်ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒီတာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို လာရောက်ဆင်နွှဲနိုင်ကြောင်း သိရသည်။
