နေမိုး
၂၃. ၁၀. ၂၀၂၆
အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဆောင်နိုင်ကြီး ဓာတ်အားခွဲရုံမှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သား ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများဖြစ်ပေါ်စေရန်နှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းများကို ဥပဒေမဲ့ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်လျက်ရှိကြပြီး စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိဆောင်နိုင်ကြီး ဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်း (Control Room) ပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb နှစ်လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဆောင်နိုင်ကြီးခွဲရုံမှ ဓာတ်အားပေးထားသော ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလော ကျေးရွာများတွင် ဓာတ်အား ပြတ်တောက်ခဲ့သည်။

အဆိုပါ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ၃၃ ကေဗွီ ဆောင်နိုင်ကြီး ဓာတ်အားခွဲရုံအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများသည် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းပြီး အောက်တိုဘာ ၁၉ ရက်တွင် ဗုံးစထိမှန်ပျက်စီးခဲ့သော Control Room အတွင်း ဆက်သွယ်ထားသည့် ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ် (Control) ကေဘယ်လ်ကြိုးများ၊ ၁၁ ကေဗွီ Station ဖီဒါရှိ Power Cable များကို ပြန်လည်ပြုပြင်ခြင်း၊ လိုအပ်သောပစ္စည်းများ အသစ်အစားထိုးပြုပြင် တပ်ဆင်ခြင်းများနှင့် အဆောက်အအုံအတွင်း ထိခိုက်ပျက်စီးမှုများကို ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလော ကျေးရွာများတွင်ယင်းနေ့ ညနေပိုင်းတွင် ပုံမှန်အတိုင်း ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
ကျိုက်ထိုမြို့နယ်သည် ကျိုက်ထီးရိုးဘုရားဖူးများ သေကြေဒဏ်ရာရအောင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KNU ကို ဩဇာခံသည့် KRF (ကျိုက်ထိုတော်လှန်ရေးအဖွဲ့) ကျက်စားသည့်နယ်မြေဖြစ်ပြီး KRF ခေါင်းဆောင်မှာ အဂတိလိုက်စားမှုများစွာဖြင့် ပြစ်ဒဏ်ကျခံနေရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ လူယုံဖြစ်ခဲ့သူ ရဲပြေးအေးမင်းထွန်း ဖြစ်သည်။

