၂၃.၁၀.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ကောင်ကထောင်ရပ်ကွက်၊ ကောင်လမ်းတွင် မီးဖိုမီးကြွင်းမီးကျန်မှ လူနေအိမ်သုံးလုံးမီးလောင်ကာ အဘွားအိုတစ်ဦး မီးလောင်ဒဏ်ရာရရှိမှု အောက်တိုဘာလ ၂၂ ရက် နံနက် ၃ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုမှာ သွပ်မိုး၊ ပျဥ်ခင်း၊ ထရံကာနေအိမ်တစ်လုံး၏ မီးဖိုဆောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစလောင်သော နေအိမ်နှင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ်တစ်လုံး၊ လူမနေသော သွပ်မိုး၊ ပျဥ်ခင်း ထရံကာ နေအိမ်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်သော နေအိမ်မှ အသက် ၆၅ နှစ်အရွယ် အဘွားအို ဒေါ်အဂူးနင်တန်မှာ မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာများရရှိသူ အဘွားအိုကို ပူတာအိုပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျက်ရှိပြီး လူနာမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို ပူတာအိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရေသယ်ယာဥ် နှစ်စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းခဲ့သည်။
လူနေအိမ် သုံးလုံးမီးလောင်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဒေါ်အဂူးနင်တန်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ပူတာအိုမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
