နေမိုး
၂၃.၁၀. ၂၀၂၆
ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်သလို အစိုးရထိန်းချုပ်ထားတဲ့ စစ်တွေကို ရခိုင်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ AA က ဒီမနက်ပစ်ခတ်မှုကြောင့် စစ်တွေမြို့လယ်ကို လက်နက်ကြီးကျပြီး ရခိုင်ပြည်သူ အနည်းဆုံး ငါးဦးအထက် သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
စစ်တွေမြို့အနီး ငပြီကျွန်းမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေသလို စစ်တွေမြို့ပတ်လည်က ကျေးရွာတွေကို အခြေပြုပြီး AA က ထိုးစစ်ဆင်ပစ်ခတ်နေတာကြောင့် ဒီနေ့မနက် ၈ နာရီလောက်မှာ စစ်တွေမြို့လယ်ဖြစ်သလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ထွေအုပ်ရုံးနဲ့ မြို့တော်ခန်းမအနီးဖြစ်တဲ့ ကျောင်းတက်လမ်းရပ်ကွက်နဲ့ မောလိပ်ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးလေးဦးအပါအဝင် ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများပြားတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
စစ်တွေမြို့တွင်းက အစိုးရထိန်းချုပ်ထားတဲ့ဧရိယာကို မြို့ပြင်က ရခိုင်အကြမ်းဖက် AA ပစ်ခတ်တာကြောင့် စစ်တွေမြို့လယ် ကျရောက်ပေါက်ကွဲပေမဲ့ AA ထောက်ခံတဲ့မီဒီယာတွေကတော့ ဒီပေါက်ကွဲမှု ဘယ်သူပစ်တာလည်းမသိဘူးလို့ လိမ်လည်ဖုံးဖိ ရေးသားနေကြတာလည်း တွေ့ရပါတယ်။
စစ်တွေမြို့လယ်ကို လက်နက်ကြီးကျည် မကျခင် AA ထောက်ခံမီဒီယာ နိရဉ္စရာက ရခိုင်အကြမ်းဖက် AA အဖွဲ့ဝင် နှစ်ဆယ်ထက်မနည်းက အကြီးစားရှော့တိုက်ဒုံးနဲ့ “စစ်တွေဒကစ” မကြာခင်လို့ ရေးပြီးပစ်ခတ်နေတဲ့ရုပ်သံဖိုင် We Love ULA/AA က ထုတ်လွှင့်တာကို အာရက္ခတပ်တော် (AA) မှ ဒုံးကျည်ပစ်လွှတ်ခေါင်းစဥ်နဲ့ တင်ခဲ့ပါတယ်။ စစ်တွေမြို့ဘက်ကို ဦးတည်ပစ်ခတ်နေတဲ့ ၄ မိနစ်နဲ့ ၄၇ စက္ကန့်ကြာ ရုပ်သံဖိုင်မှာ ရှော့တိုက်ဒုံးနဲ့ ငါးချက် ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။ ဒီပစ်ခတ်မှုရုပ်သံဟာ စစ်တွေမြို့လယ်ကို ဗုံးမကျခင် နိရဉ္စရာက တင်ခဲ့တာနဲ့ စစ်တွေမြို့ကိုသိမ်းဖို့ AA က မြို့ပြင်ကနေ ပစ်ခတ်နေတာကြောင့် ဒီမနက် ရခိုင်ပြည်သူငါးဦးအထက် သေဆုံးမှုနဲ့ လူအများအပြားဒဏ်ရာရမှုဟာ AA ရဲ့ ကျူးလွန်မှုဖြစ်တယ်လို့လည်း စစ်ရေးဆိုင်ရာစောင့်ကြည့်သူတွေက သုံးသပ်နေပါတယ်။
