◾ ပိုင်ရှင်မဲ့လေလွင့်ခွေးပေါက်ဖွားမှု ထိန်းချုပ်ရန်နှင့်လျော့နည်းစေရန် စီမံချက်ဆွဲဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား





၂၂.၁၀.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း
ပိုင်ရှင်မဲ့လေလွင့်ခွေးပေါက်ဖွားမှု ထိန်းချုပ်ရန်နှင့်လျော့နည်းစေရန် စီမံချက်ဆွဲဆောင်ရွက်သွားမည်ဟု
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာ ယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က အောက်တိုဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးလှဝင်းမောင်၏ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွေးလေခွေးလွင့်ထိန်းချုပ်ရန် စည်ပင်သာယာရေးကော်မတီမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေရာ ခွေးလေခွေးလွင့် လျော့နည်းကျဆင်းရေး မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းကို ရန်ကုန်မြို့တော်ဝန်က ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က “လွှတ်တော်ဥက္ကဋ္ဌကြီးလမ်းညွှန်တဲ့အတိုင်း ကျွန်တော်တို့စီမံချက်ရေးဆွဲပြီး မြို့နယ်ရွေးချယ်ပြီးတော့ အများဆုံးဖြစ်နိုင်တဲ့နေရာတွေ အရင် Data တွေကို ပြန်ကြည့်ပြီးတော့ အများဆုံးဖြစ်နိုင်တဲ့နေရာတွေမှာ ကျွန်တော်တို့ စီမံချက်ဆွဲပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီနယ်နိမိတ်အတွင်း ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အပါအဝင် ပိုင်ရှင်မဲ့ လေလွင့်ခွေးပေါက်ဖွားမှု ထိန်းချုပ်နိုင်ရန်နှင့်လျော့နည်းစေရန်အတွက် ဆောင်ရွက်ရာမှာ တိရစ္ဆာန် ဆေးကုသရေး၊ ထုတ်လုပ်ရေးဌာန၊ တိစ္ဆာန်ဆေးကုဌာနခွဲအနေဖြင့် မြို့နယ်၊ ရပ်ကွက်များအတွင်း အဆိပ်ဆေးဖြင့် ရှင်းလင်းခြင်း၊ မေ့ဆေးဖြင့်ဖမ်းဆီးပြီး ဂေဟာသို့ပို့ဆောင်ခြင်း နည်းလမ်းတို့ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။
ဆက်လက်၍ လမ်းဘေးခွေးလေခွေးလွင့် ကိုက်ခံရမှုကြောင့် ၂၀၂၁ မှ ၂၀၂၆ အထိ ဆေးရုံတက်ရသူစုစုပေါင်း ခြောက်သောင်းကျော်၊ ဆေးထိုးသည့်အကြိမ်ပေါင်း နှစ်သိန်းကျော်နှင့် သေဆုံးသူ ၈၄ ဦးရှိခဲ့ပြီး နှစ်အလိုက် ခွေးကိုက်ခံရသူနှင့် ဆေးထိုးပေးရသည့် အကြိမ်အရေအတွက် တိုးလာကြောင်းလည်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးလှဝင်းမောင်က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
” နှစ်အလိုက် ခွေးကိုက်ခံရသူ တိုးနေပြီး ဆေးထိုးပေးရသည့် အကြိမ်အရေအတွက် တိုးလာပါတယ်။ ခွေးကိုက်ခံရမှုကြောင့် လူဦးရေကုန်ကျစရိတ်နဲ့ နိုင်ငံတော်မှ ကုန်ကျစရိတ်များ များပြားလာလျက်ရှိပါတယ်။ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို မြင်းသွေးက ထုတ်ယူရပြီး ကုန်ကျစရိတ် များစွာရင်းနှီးမြှုပ်နှံရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်မှာ ဒီဆေးထုတ်ဖို့ ပိုသုံးနေရသဖြင့် ကျန်ကုသရေးပိုင်းများမှာ ဘတ်ဂျက်လျော့နည်းသွားရပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရဆေးရုံများတွင် ခွေး (သို့မဟုတ်) ခွေးရူးကိုက်ခံရမှုကြောင့် ကာကွယ်ဆေးကုသမှုနှင့် သေဆုံးမှုဆိုင်ရာ အချက်အလက်များအရ ၂၀၂၁ တွင် ဆေးရုံတက်ကုသသူ ၁၂၇၆ ဦး၊ ဆေးထိုးသည့်အကြိမ်ပေါင်း ၄၀၈၅ နှင့် သေဆုံးသူ ၂ ဦး၊ ၂၀၂၂ ခုနှစ်တွင် ဆေးရုံတက်ကုသသူ ၂၀၁၈ ဦး၊ ဆေးထိုးသည့်အကြိမ်ပေါင်း ၅၃၁၇ နှင့် သေဆုံးသူ ၂ ဦး၊ ၂၀၂၃ တွင် ဆေးရုံတက်ကုသသူ ၅၀၅၉ ဦး၊ ဆေးထိုးသည့်အကြိမ်ပေါင်း ၂၅၅၂၅ နှင့် သေဆုံးသူ ၂၀ ဦး၊ ၂၀၂၄ တွင် ဆေးရုံတက်ကုသသူ ၁၅၅၆၇ ဦး၊ ဆေးထိုးသည့်အကြိမ်ပေါင်း ၅၈၅၄၀ ရှိပြီး သေဆုံးသူ ၂၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် ဆေးရုံတက်သူ ၂၁၁၂၆ ဦး၊ ဆေးထိုးသည့်အကြိမ်ပေါင်း ၇၆၁၀၅ နှင့် သေဆုံးသူ ၁၈ ဦး၊ ၂၀၂၆ ခုနှစ်တွင် စက်တင်ဘာလပိုင်းအထိ ဆေးရုံတက်သူ ၁၄၂၀၀ ဦး၊ ဆေးထိုးသည့်အကြိမ်ပေါင်း ၅၁၆၉၆ နှင့် သေဆုံးသူ ၂၂ ဦးရှိခဲ့ရာ ၆ နှစ်အတွင်း စုစုပေါင်း ဆေးရုံတက်သူဦးရေ ၆၀၀၂၇ ဦး၊ ဆေးထိုးသည့်အကြိမ်ပေါင်း ၂၁၃၆၃၂၀ ကြိမ်၊ သေဆုံးသူ ၈၄ ဦးရှိခဲ့ကြောင်း သိရသည်။
