၂၂.၁၀.၂၀၂၆
Written by Thiri
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ရွာလယ်တံတားအနီးမှာ အောက်တိုဘာ ၂၁ ရက် ညပိုင်းက ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးနဲ့ လမ်းဖြတ်ကူးသူတို့ တိုက်မိရာမှ လမ်းကူးသူ ဒေသခံတစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမှာ ဝမ်းဘဲအင်းကျေးရွာ၊ အမှတ် (၆) ရပ်ကွက်နေ ကိုသောင်းတင် (၄၈) နှစ် ဖြစ်ပြီး ၎င်းကို ဒိုက်ဦးဘက်မှ မောင်းနှင်လာတဲ့ လူနာတင်ယာဉ်က ည ၁၁ နာရီခွဲခန့်မှာ ဝင်ရောက်တိုက်မိခဲ့တာကြောင့် ဦးခေါင်းဒဏ်ရာ၊ ဝမ်းဗိုက်ဒဏ်ရာနဲ့ နား/နှာခေါင်း သွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာ ပြင်းထန်တာကြောင့်အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ရပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူနာတင်ယာဉ်မောင်းဖြစ်သူ ချမ်းမြသာစည်မြို့နယ်နေ ချစ်ဦးမောင်ကို သက်ဆိုင်ရာ ရဲစခန်းက ဥပဒေနဲ့ အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
