◾ CNA ၏ ထုတ်လွှင့်ဖော်ပြချက်တွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် အမုန်းတရားပွားစေနိုင်ရန် ရည်ရွယ်၍ လုပ်ကြံဖန်တီး ဝါဒဖြန့်မှု ပါဝင်ကြောင်းပါ ပြော
သတိုး
၂၂. ၁၀. ၂၀၂၆
စင်ကာပူနိုင်ငံအခြေစိုက် CNA သတင်းဌာနက ဘင်္ဂါလီများအား မြန်မာနိုင်ငံမှ ရိုဟင်ဂျာတိုင်းရင်းသားဟု မှားယွင်းစွာ ဖော်ပြမှုအပေါ် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ ဒေါက်တာဇော်မင်းအောင်က တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့သည်။
CNA သတင်းဌာနက ၁၅-၁၀-၂၀၂၆ ရက်နှင့် ၁၆-၁၀-၂၀၂၆ ရက်တို့တွင် ထုတ်လွှင့်ခဲ့သည့် နားလည်မှုလွဲမှားစေ၍ အခြေအမြစ်မရှိသော “မလေးရှား၏ ရိုဟင်ဂျာပဟေဠိ” အမည်ဖြင့် သတင်းမှတ်တမ်းအပေါ် မိမိအနေဖြင့် တရားဝင် ကန့်ကွက်စာ ရေးသားပေးပို့ကြောင်း ဒေါက်တာ ဇော်မင်းအောင်၏ CNA အယ်ဒီတာချုပ်ထံ လိပ်မူပေးပို့သည့် ကန့်ကွက်စာတွင် ဖော်ပြထားပြီး မှတ်တမ်းတင်ဆက်သူများအနေဖြင့် မလေးရှားနိုင်ငံရှိ “ ရိုဟင်ဂျာ” ဟုခေါ်ဆိုသူများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ ရာစုနှစ်များစွာကြာ နေထိုင်ခဲ့သော မွတ်စလင် တိုင်းရင်းသား လူနည်းစုအဖြစ်လည်းကောင်း၊ မြန်မာအစိုးရသည် “ရိုဟင်ဂျာ” ဟုခေါ်ဆိုသူများကို ဘင်္ဂါလီဟု အမည်တပ် ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်ဟုလည်းကောင်း၊ ၎င်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင် တိုင်းရင်းသားအုပ်စုများအနက် တစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုရန် ငြင်းဆိုလျက် ရှိသည်ဟုလည်းကောင်း တင်ဆက်ခဲ့သည်ဟုလည်း CNA ၏ မှားယွင်းမှုအပေါ် ထောက်ပြထားသည်။
၂၀၂၃ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်၌ မြန်မာ့တပ်မတော်နှင့် AA အကြမ်းဖက်အုပ်စုအကြား တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းသည် နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခြင်း မရှိစေခဲ့ကြောင်းနှင့် မြန်မာအနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံလိုခြင်း မရှိကြောင်း သတင်းမှတ်တမ်းတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။ ထို့အတူ မလေးရှားရှိ “ရိုဟင်ဂျာ” ဟု ခေါ်ဆိုသူ ဒုက္ခသည် (၅,၀၀၀) ကို ပြန်လည်ခေါ်ယူရန် မြန်မာက သဘောတူညီထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ၏ ကြေညာချက်ကို ဖော်ပြခဲ့ပြီး ယင်းသို့ နေရပ်ပြန်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လုံခြုံရေးအခြေအနေများကြောင့် ဘေးကင်းလုံခြုံမှုမရှိကြောင်းလည်း တင်ဆက်ခဲ့သည်။
ထိုသို့တင်ဆက်မှုများအပေါ် ဒေါက်တာဇော်မင်းအောင်က မြန်မာနိုင်ငံတွင် မည်သည့်အခါမျှ မရှိသည့် “ရိုဟင်ဂျာ” ဟူသော အမည်အား တိုင်းရင်းသားအဖြစ် မှားယွင်းစွာ ဖော်ပြနေမှုများအပေါ် ပြတ်သားစွာ ပယ်ချကြောင်းနှင့် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကာလအတွင်းက ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ အပါအဝင် တရားဝင် သမိုင်းမှတ်တမ်းများက မြန်မာနိုင်ငံ၌ “ဘင်္ဂါလီ” အသုံးအနှုန်း သာရှိကြောင်း အတည်ပြုထားကြောင်း သို့ဖြစ်၍ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်း သုံးစွဲခြင်းသည် လက်ခံနိုင်ဖွယ် မရှိကြောင်း CNA ကို သမိုင်းအထောက်အထားဖြင့် ကန့်ကွက်သည်။
ထို့အပြင် သတင်းမှတ်တမ်းတွင် ဖော်ပြထားသည့် သတင်းအချက်အလက်များသည် သမိုင်းဆိုင်ရာ အထောက်အထား ခိုင်လုံမှုမရှိသကဲ့သို့ ကြည့်ရှုသူများအား နားလည်မှု လွဲမှားစေသော လုပ်ကြံစွပ်စွဲချက်များ ပါဝင်ကာ မြန်မာ့ပုံရိပ်ကိုလည်း မှေးမှိန်စေကြောင်း၊ မြန်မာအစိုးရအနေဖြင့် ပြည်ပတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေး ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် မကြာသေးမီက အထောက်အထား စိစစ်ပြီး မြန်မာနိုင်ငံသား (၈,၀၄၁) ဦးကို အပတ်စဉ် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည့်အပြင် လေယာဉ်စရိတ် မတတ်နိုင်သည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၄၇၆) ဦးကို မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းလည်း ဒေါက်တာဇော်မင်းအောင်က ရေးသားသည်။
ထိုသို့ ကြိုးပမ်းလုပ်ဆောင်နေသော်လည်း နိုင်ငံတကာမှ ဖိအားပေးနိုင်ရေး ရည်ရွယ်သည့် နိုင်ငံရေးသွတ်သွင်းထားသော ထုတ်လွှင့်တင်ဆက်မှုများကို မြန်မာက ခိုင်မာစွာ ငြင်းဆိုသည်ဟုလည်း ဒေါက်တာ ဇော်မင်းအောင်က CNA ကို ကန့်ကွက်ခဲ့သလို ယင်းကဲ့သို့ ထုတ်လွှင့်မှုများသည် မလေးရှားရှိ မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်မှုနှင့် မလေးရှားသို့ တရားမဝင် ဝင်ရောက်သည့် သီးခြား ဘင်္ဂါလီ ပြဿနာကို ချိတ်ဆက်ဖော်ပြ၍ မရကြောင်း CNA ၏ ထုတ်လွှင့်ဖော်ပြချက်တွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် အမုန်းတရားပွားစေနိုင်ရန် ရည်ရွယ်၍ လုပ်ကြံဖန်တီး ဝါဒဖြန့်မှု ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကိုးကွယ်ယုံကြည်မှု မတူညီသည့် ပြည်သူအချင်းချင်း သဟဇာတရှိစွာဖြင့် အတူတကွ နေထိုင်လျက်ရှိနေ၍ မြန်မာနိုင်ငံအနေဖြင့် မြေပြင်အခြေအနေများကို မှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်း မရှိသည့် CNA ၏ မှတ်တမ်းပါ အတည်မပြုနိုင်သော သတင်းအချက်အလက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒေါက်တာဇော်မင်းအောင်က CNA ၏ လုပ်ကြံဝါဒဖြန့်မှုအပေါ် ပြတ်သားစွာ ပယ်ချ ရေးသားပြီး CNA ထံ ပေးပို့ခဲ့ကြောင်း သိရသည်။
