၂၂.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က နိုင်ငံခြားခေါင်းဆောင်အချို့၏ ၎င်းတို့၏နိုင်ငံရေး ရည်ရွယ်ချက်အတွက် ပြောဆိုလိုက်သည့် မှတ်ချက်စကားများကို မိုက်မဲသော ဝေဖန်ချက်များအဖြစ် ပြင်းပြင်းထန်ထန် ပြောကြားခဲ့သည်။ ထို့အပြင် ပါရီ ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက်တွင် မြို့တွင်း နေရာအချို့၌ လူစုလူဝေးပြုလုပ်ခြင်းအပေါ် ကန့်သတ်ချက်များကို တိုးမြှင့်သတ်မှတ်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
ပြင်သစ်နိုင်ငံတွင် အောက်တိုဘာလ ၂၂ ရက်၌ ဆန္ဒပြမှုများ ထပ်မံဖြစ်လာနိုင်ခြေရှိနေသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် ပါရီရဲတပ်ဖွဲ့က သမ္မတအိမ်တော်၊ ဘတ်စတီဘီ ရင်ပြင်၊ လွှတ်တော်အဆောက်အအုံများနှင့် Louvre ပြတိုက်၊ Champs-Elysees လမ်းမကြီးအပါအဝင် ခရီးသွားများ သွားလာလေ့ရှိသည့် နေရာအများအပြားတွင် ဆန္ဒပြသူများ စုဝေးခွင့်ကို ပိတ်ပင်သွားမည်ဟု ကြေညာခဲ့သည်။
ဤ သွားလာလှုပ်ရှားခွင့် ကန့်သတ်ချက်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ည ၈ နာရီအထိ အကျုံးဝင်မည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြင်သစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ် အာဏာပိုင်များက ပြည်သူလူထုအား အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းသည် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုသည့် ကျောင်းသားများ၏ ဆန္ဒပြမှုမှ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် မျက်နှာဖုံးစွပ်ထားသည့် ဆူပူအုံကြွသူများက ဆိုင်များကို လုယက်ဖျက်ဆီးခြင်း၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ခြင်းများအထိ အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ပြည်ထဲရေးဝန်ကြီး လောရင့် နျူနက်ဇ်က အာဏာပိုင်များအနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်းနှင့် အကြမ်းဖက်မှု၏ အတိုင်းအတာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်း မရှိကြောင်း အောက်တိုဘာလ ၂၂ ရက်က ဝန်ခံပြောကြားခဲ့သည်။
ဤသီတင်းပတ်ကုန်တွင်လည်း ပါရီမြို့၌ ကြီးမားကျယ်ပြန့်သော ဆန္ဒပြမှုများ ဖြစ်လာနိုင်သည်ဟု မျှော်လင့်ရသည်။ ဝန်ကြီးချုပ် ဆီဘတ်စတိန်း လီကောမျူးက ဤဖြစ်ရပ်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားကို ချထားပေးမည်ဟု ကတိပြုထားသည်။
ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ပြင်သစ်တွင် နှစ်ညဆက်တိုက် အေးဆေးတည်ငြိမ်မှု အနည်းငယ် ရှိခဲ့သော်လည်း၊ မီးလောင်နေသော ကားများ၊ ဖျက်ဆီးခံထားရသည့် ဆိုင်ခန်းပြတင်းပေါက်များနှင့် လုယက်ဖျက်ဆီးခံထားရသော အဆောက်အအုံများ၏ ပုံရိပ်များကို အသုံးပြု၍ ပြင်သစ်နိုင်ငံတွင်းနှင့် ပြင်ပမှ နိုင်ငံရေးသမားအချို့က သမ္မတ အီမန်နျူရယ် မက်ခရွန် ဦးဆောင်သည့် လက်ရှိအစိုးရအပေါ် ဖိအားပေးရန် ကြိုးပမ်းလျက်ရှိသည်။
ထူးခြားသည်မှာ ဒေါ်နယ်ဒ်ထရမ့်ပ်က ဤမငြိမ်မသက်မှုများအတွက် ရွှေ့ပြောင်းနေထိုင်သူများ၊ ဂျီဟတ် ဝါဒီများနှင့် ကွန်မြူနစ်များကို အပြစ်တင်ခဲ့ပြီး ၎င်းတို့သည် ပြင်သစ်နိုင်ငံကို သိမ်းပိုက်ခြင်း၊ လုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်ပ်က ပြင်သစ်သမ္မတ မက်ခရွန်အား လူဝင်မှုကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း သတိပေးခဲ့ဖူးကြောင်း၊ သို့သော် မက်ခရွန်က နယ်နိမိတ်များကို ပိတ်ရန် ငြင်းဆန်ခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၂၁ ရက်က ကာတာနိုင်ငံသို့ ရောက်ရှိနေစဉ် မက်ခရွန်က ထရမ့်ပ်အား ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ရာတွင် အမေရိကန်ခေါင်းဆောင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့သည် ပြင်သစ်နိုင်ငံအတွင်း ဖြစ်ပွားနေသော မငြိမ်မသက်မှုများမှတစ်ဆင့် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းနေကြသည်ဟု ဆိုလိုလိုက်သည်။ နေတန်ယာဟုကလည်း ယခုအပတ်အစောပိုင်းတွင် အစွန်းရောက် အစ္စလာမ်ဝါဒ၏ ကျူးကျော်ဝင်ရောက်မှုအကြောင်း ပြောကြားခဲ့သေးသည်။
မက်ခရွန်က “ပြင်သစ်နိုင်ငံကို အသုံးချပြီး နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်နေသူတွေ ရှိပါတယ်။ ဒီဒေသမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အတ္တလန္တိတ်သမုဒ္ဒရာ ဟိုဘက်ကမ်းမှာပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပုံစံမျိုးနဲ့လှုပ်ရှားနေကြတဲ့ခေါင်းဆောင်တွေပါပဲ” ဟု အောက်တိုဘာလ ၂၁ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်း၏ ပြောဆိုချက်များက ထရမ့်ပ်ကို ရည်ရွယ်ခြင်း ရှိ၊မရှိ မေးမြန်းရာတွင် မက်ခရွန်က “တခြားသူတွေလည်း ပါတာပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းက ဆန္ဒပြသူများနှင့် ဖျက်ဆီးရေးသမားများကို ခွဲခြားသတ်မှတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အစ္စလာမ်ဝါဒီတွေ အများအပြား ဝင်ရောက်ကျူးကျော်လာတယ်လို့ ပြောဆိုသူတွေ ရှိပါတယ်။ ဒါဟာ လုံးဝ မဟုတ်မမှန်ပါဘူး” ဟု မက်ခရွန်က ပြောသည်။
လက်ယာစွန်းဝါဒီ ခေါင်းဆောင်ဖြစ်သူ လီပင် ကမူဆန္ဒပြပွဲများ၏ ဝမ်းနည်းဖွယ် အဖြစ်မှန်အတွက် မက်ခရွန်တွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။
လက်ယာစွန်းဝါဒီ ခေါင်းဆောင်ဖြစ်သူ လီပင်သည် ၂၀၂၇ ခုနှစ် ပြင်သစ်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းအစားဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီး၊ လက်ဝဲစွန်းဝါဒီ ကိုယ်စားလှယ် ဂျင်း-လုခ် မီလွန်ရွှန်က ထောက်ခံရေပန်းစားမှုရရှိရာတွင် ၎င်း၏ နောက်၌ ရှိနေသည်။
Ref- Reuters, AFP
