သက်တံ့
၂၂. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ စူရင်ခရိုင် (Surin) မှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ကိုယ်ကာယကြံ့ခိုင်ရေး (Fitness) သင်တန်းဆရာတစ်ဦးအား ပစ်ခတ်သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေကြောင်းနှင့် ဖမ်းဆီးရမိသူ သံသယရှိသူနှစ်ဦးက ယင်းရဲအရာရှိသည် ၎င်းတို့အား ဘတ် ၃,၀၀၀ ပေး၍ သတ်ဖြတ်ရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီးနောက် ရဲတပ်ကြပ်ကြီးကိုယ်တိုင် စုံစမ်းစစ်ဆေးရေးမှူးများထံ လာရောက်လက်နက်ချ အဖမ်းခံခဲ့သည်။
အဆိုပါ သင်တန်းဆရာသည် အောက်တိုဘာလ ၇ ရက်နေ့က စူရင်ခရိုင်၊ မောင်းစူရင်မြို့နယ် (Mueang Surin) ရှိ ဒွန်းကမတ် (Don Kamet) ရပ်ကွက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ရရှိသော ဒဏ်ရာများဖြင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ တိုင်း-၃ မှ စုံစမ်းစစ်ဆေးရေးမှူးများသည် စူရင်ခရိုင် ရဲတပ်ဖွဲ့နှင့် မောင်းစူရင် ရဲစခန်းတို့နှင့် ပူးပေါင်း၍ အဆိုပါ ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးခဲ့ကြရာ ရဲတပ်ဖွဲ့သည် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ သံသယရှိသူ နှစ်ဦးစလုံးက ၎င်းတို့အား ရဲအရာရှိတစ်ဦးက ဘတ် ၃,၀၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများအား ထွက်ဆိုခဲ့ကြသည်။
ထို့ပြင် ရဲတပ်ဖွဲ့သည် ပစ်ခတ်မှုတွင် အသုံးပြုခဲ့သည့် သေနတ်တစ်လက်နှင့် မော်တော်ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် သံသယရှိသူများ၏ ထွက်ဆိုချက်များနှင့်အတူ မှုခင်းဆေးသိပ္ပံဆိုင်ရာ သက်သေအထောက်အထားများကို စုဆောင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ထိုလူသတ်မှုကို စီစဉ်သူအဖြစ် ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
သံသယရှိသူနှစ်ဦးက ၎င်းအား ထုတ်ဖော်ထွက်ဆိုခဲ့ကြောင်း သိရှိရပြီးနောက် “ဒပ်မွန်” (Dab Mon) ဟု လူသိများသော အဆိုပါ ရဲတပ်ကြပ်ကြီးသည် ကြိုတင်ကြံစည်မှုဖြင့် လူသတ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်မှု သံသယဖြင့် တရားရုံးက ဖမ်းဝရမ်းမထုတ်ပြန်မီ ရဲတပ်ဖွဲ့မှ နုတ်ထွက်ရန် ကြိုးပမ်းခဲ့သည်။ ထို့နောက် ၎င်းသည် ရဲတပ်ဖွဲ့ထံ လာရောက်လက်နက်ချ အဖမ်းခံခဲ့သည်။
ရဲတပ်ဖွဲ့၏ ပဏာမ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ ရဲအရာရှိသည် မလျော်ကန်သော အပြုအမူများ ပြုလုပ်လေ့ရှိပြီး ၎င်း၏ ဩဇာအာဏာကို အလွဲသုံးစားလုပ်ခြင်း၊ အထက်အရာရှိကြီးများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်ဟု ခဏခဏ အကြောင်းပြလေ့ရှိခြင်းတို့ကြောင့် မောင်းစူရင် ရဲစခန်းမှ လုပ်ဖော်ကိုင်ဘက်များကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း စွပ်စွဲထားသည်။
စွပ်စွဲခံထားရသူ ရဲအရာရှိကို မောင်းစူရင် ရဲစခန်း စုံစမ်းစစ်ဆေးရေးမှူးများက ဆက်လက် စစ်ဆေးမေးမြန်းနေစဉ် ရဲကွပ်ကဲမှုအောက်တွင် ထိန်းသိမ်းထားဆဲဖြစ်သည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် အဆိုပါ ကြေးစားလူသတ်မှု၏ နောက်ကွယ်မှ ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်း (Motive) ကို ဖော်ထုတ်ရန်နှင့် အခြားသူများ ပါဝင်ပတ်သက်မှု ရှိ/မရှိ ဆုံးဖြတ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Ref: Thaiger
