သတိုး
၂၂. ၁၀.၂၀၂၆
မြန်မာ့ပေါ်ဆန်းဆန် ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ဒုတိယအကြိမ်ရရှိမှုကို အခြေခံ၍ အရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံတကာဈေးကွက် ချဲ့ထွင်ရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေးတို့ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ့ပေါ်ဆန်းဆန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ ဂုဏ်ပြုပွဲ အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာ့ပေါ်ဆန်းဆန်သည် ကမ္ဘာ့အဆင့်အတန်းမီ ဆန်မျိုးကောင်း ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာဈေးကွက်တွင် သတင်းမှိန်နေခဲ့ရသောကြောင့် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဟု ကမ္ဘာ့ဈေးကွက် ဝင်နိုင်ရေးအတွက် ရည်ရွယ်လှုံ့ဆော်ပေးခဲ့ပြီး တာဝန်ရှိသူ အသီးသီး၏ ကြိုးပမ်းအားထုတ်မှုဖြင့် ယခုကဲ့သို့ ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် သတ်မှတ်ခြင်းခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း အချိန် ၁၅ နှစ်အကြာတွင် ကမ္ဘာ့ အကောင်းဆုံးဆန်ဆုကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာ့ပေါ်ဆန်းဆန်၏ အရည်အသွေး၊ မွှေးရနံ့နှင့် အရသာတို့ကို နိုင်ငံတကာက ထပ်မံအသိအမှတ်ပြုခြင်း ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ့ပေါ်ဆန်းကို ထိုင်းနိုင်ငံ၏ Hom Mali၊ အိန္ဒိယနိုင်ငံ၏ Basmati နှင့် ဗီယက်နမ်နိုင်ငံ၏ ST25 ဆန်များကဲ့သို့ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးမြင့် အမျိုးသားကုန် အမှတ်တံဆိပ် (National Brand) အဖြစ် တည်ဆောက်ရန်နှင့် Premium Rice အဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ပေါ်ဆန်းစိုက်ပျိုးရန် သင့်လျော်သည့်ဒေသများ၌ ပေါ်ဆန်းဇုန်များ တိုးချဲ့ဖော်ဆောင်ရန်၊ ရေမြေရာသီဥတုနှင့် ဈေးကွက်လိုအပ်ချက်အလိုက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် ဖြန့်ဖြူးရန်၊ မျိုးဗီဇအရင်းအမြစ်များကို မျိုးစေ့ဘဏ်၌ ထိန်းသိမ်းရန်နှင့် Digital Agriculture၊ Precision Agriculture နည်းပညာများ အသုံးချရန်။ JICA နှင့် ပူးပေါင်း မွေးမြူထားသည့် ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂ မျိုးသစ်များကိုလည်း တောင်သူများ လက်တွေ့အသုံးချနိုင်ရေး အဓိကဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ တောင်သူအစုအဖွဲ့များဖွဲ့စည်း၍ စုပေါင်းစိုက်ပျိုး၊ ဝယ်ယူ၊ ရောင်းချသည့်စနစ် မြှင့်တင်ရန်၊ ရိတ်သိမ်းပြီးနောက် အခြောက်ခံ၊ သိုလှောင်၊ ကြိတ်ခွဲနှင့် သယ်ယူပို့ဆောင်မှု ဆုံးရှုံးမှု လျှော့ချရန်၊ ကြိုတင်ဝယ်ယူရေးစာချုပ်များဖြင့် ဆန်စက်နှင့် ပို့ကုန်လုပ်ငန်းရှင် များထံ တိုက်ရိုက်ချိတ်ဆက်ရန်။ စိုက်ပျိုးစရိတ်ချေးငွေ၊ သွင်းအားစု၊ စက်ကိရိယာနှင့် Cashless ငွေပေးချေမှုဝန်ဆောင်မှုများ လွယ်ကူစွာရရှိရေး ဆောင်ရွက်ရန်၊ ပေါ်ဆန်းဆန်မျိုးကွဲရောနှောမှုနှင့် အရည်အသွေးမမှန်ကန်မှုများ တားဆီးရန်၊ မူရင်းဒေသ အတည်ပြုနိုင်သည့် ပထဝီဒေသဆိုင်ရာ အညွှန်းအမှတ်အသား (GI) စနစ် လေ့လာ ဆောင်ရွက်ရန်၊ GAP၊ GMP၊ HACCP စံချိန်စံညွှန်းများနှင့် အရည်အသွေးစစ်ဆေးအတည်ပြု မှုစနစ်များ အားကောင်းစေရန်၊ မြန်မာ့ပေါ်ဆန်းကို အရည်အသွေးမြင့်ဆန်အဖြစ် နိုင်ငံတကာဈေးကွက်သစ်များသို့ တိုးချဲ့ တင်ပို့ရန်၊ အွန်လိုင်းဈေးကွက်၊ နိုင်ငံတကာအစားအစာပြပွဲများနှင့် ဟိုတယ်၊ စားသောက် ဆိုင်လုပ်ငန်းများမှတစ်ဆင့် စားသုံးသူအသစ်များထံ ရောက်ရှိစေရန်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆန်တင်ပို့မှုရည်မှန်းချက်တွင် အရည်အသွေးမြင့်ဆန်များ၏ အခန်းကဏ္ဍ မြှင့်တင်ရန်၊ အစိုးရ၊ ပုဂ္ဂလိက၊ စိုက်ပျိုးရေးပညာရှင်၊ သုတေသီနှင့် တောင်သူများ ပူးပေါင်း၍ ရေတို၊ အလယ်အလတ်နှင့် ရေရှည်လုပ်ငန်းစီမံချက်များ ရေးဆွဲရန်၊ မျိုးသန့်မျိုးစေ့ထုတ်လုပ်မှု၊ အရည်အသွေးမြင့်စိုက်ပျိုးဧက၊ ထုတ်လုပ်မှုစရိတ်၊ တောင်သူဝင်ငွေနှင့် နိုင်ငံတကာ ဈေးကွက်ရရှိမှုတို့ကို တိုင်းတာစစ်ဆေး၍ အဆင့်လိုက် အကောင်အထည်ဖော်ရန်လည်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။





အထက်ပါ လမ်းညွှန်မှာကြားချက်များအပြင် ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် တစ်နိုင်ငံလုံး ပေါ်ဆန်းစပါးစိုက်ဧက ၁ ဒသမ ၃ သန်းခန့်ရှိပြီး တင်းပေါင်း ၇၈ သန်းကျော် ထွက်ရှိခဲ့ကြောင်း၊ ယင်းထုတ်လုပ်မှုအခြေခံကို အသုံးချ၍ ပို့ကုန်ပမာဏသာမက တန်ဖိုးမြင့်ဆန်တင်ပို့မှုကိုပါ တိုးမြှင့်ရန် လိုအပ်ကြောင်းနှင့် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ဒုတိယအကြိမ်ရရှိမှုသည် မြန်မာ့စပါးမျိုးရင်းများ၏ ထူးခြားသောအရည်အသွေးနှင့် တောင်သူ၊ ပညာရှင်၊ လုပ်ငန်းရှင်များ၏ ကြိုးပမ်းအား ထုတ်မှုကို နိုင်ငံတကာက အသိအမှတ်ပြုခြင်းဖြစ်ကြောင်း၊ “မြန်မာ့ပေါ်ဆန်း တစ်ခေတ် ဆန်းစေရမည်” ဟူသည့် ရည်မှန်းချက်ကို လက်တွေ့အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ရန် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးနင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
