သတိုး
၂၂. ၁၀. ၂၀၂၆
တည်ဆဲဥပဒေ ချိုးဖောက်မှုများစွာဖြင့် ပြစ်ဒဏ်ကျခံနေရသော်လည်း အထူးခံစားခွင့်များ ရရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွင် စကားပြောခွင့်ရခဲ့ကြောင်း ဗြိတိန်နိုင်ငံတွင် နေထိုင်နေသည့် သားဖြစ်သူ Kim Aris (ခ) ထိန်လင်းက ယနေ့ ဖွင့်ဟသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူအသုံးပြုသည့် Kim Aris – Htein Lin Page က ယနေ့မွန်းလွဲပိုင်းတွင် “ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလိုမရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။”ဟု ရေးသားဖော်ပြထားသည်။

ထို့အတူ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၄၃၀ အချိန်မှ ၁၄၅၀ အချိန်ထိ သူမ၏ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် တယ်လီဖုန်းဖြင့် အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်ဟုလည်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ယခု သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ဖျက်သိမ်းလိုက်သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုများဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြစ်ဒဏ်အများစု လျှော့ပေါ့ပေးခဲ့သလို နေအိမ်အကျယ်ချုပ်ပေးခြင်း၊ ICRC ဖြင့် တွေ့ခွင့်ပြုခြင်းအပါအဝင် အထူးခံစားခွင့်အမျိုးမျိုးရရှိထားသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခွင့်ရနေသူ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား သွားရောက်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
