





၂၂.၁၀.၂၀၂၆
Written by Linn Eain
လသာမြို့နယ်ရှိ ၂၀၀၉ ခုနှစ်ကတည်းက သော့ခတ်ပိတ်ထားသည့် အခန်းများအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ သမဝါယမဦးစီးဌာနပိုင် အခန်းများကို ပြည်သူများသို့ သင့်လျော်သော နှုန်းထား၊ စည်းကမ်းများနှင့် အညီ ငှားရမ်းအသုံးပြုခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်အေးမြသဲဖြူက အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းခဲ့သည်။
လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်အေးမြသဲဖြူက ” လသာမြို့နယ်မှာ သမဝါယမဦးစီးဌာနပိုင် အခန်း ၁၅ ခန်း ရှိသည့်အနက် ယခုအခါမှာ လေးခန်းသာ ငှားရမ်းထားပြီး ကျန်ဆိုင်ခန်းများမှာ ၂၀၀၉ ခုနှစ်ကစ၍ သော့ခတ်ပိတ်ထားသည်မှာ ယနေ့တိုင်ဖြစ်ပါတယ်။ ထိုသို့ ပိတ်ထားသည်မှာ ကာလကြာမြင့်ပြီဖြစ်ပါတယ်။ ယခုအခါတွင် အခန်းများမှာ ပျက်စီးယိုယွင်းနေပြီး ငှားရမ်းအသုံးပြုမှုလည်းမရှိခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာလည်း တစ်ဖက်တစ်လမ်းမှ ဆုံးရှုံးနစ်နာလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုသည်မှာ လသာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ပိတ်ထားသော သမဝါယမဦးစီးဌာနပိုင် အခန်းများအား ပြည်သူများသို့ သင့်လျော်သော နှုန်းထားဖြင့် စည်းမျဉ်းစည်းကမ်းများနဲ့ အညီ ငှားရမ်း အသုံးပြုခွင့်ပြုပါရန် အစီအစဉ် ရှိ/ မရှိ။ ရှိပါက မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုပါတယ် ” မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ ထူးမောင်က ပြန်လည်ဖြေကြားခဲ့ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျန်ရှိသည့် အခန်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်၊ ထိန်းသိမ်း၊ ငှားရမ်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားခဲ့သည်။
“ကျွန်တော်တို့ အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေတဲ့ သမဝါယမအသင်းတွေကို ငှားရမ်းခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ကျန်ရှိတဲ့ အခန်း ၁၀ ခန်းနဲ့ ပတ်သက်ပြီးတော့ သမဝါယမနဲ့ ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ EC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပဲ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ငှားရမ်းခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ” ဟု တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာ ထူးမောင်က ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ၁၉၆၃ ခုနှစ် ပြည်သူ့ပိုင်ပြုလုပ်ခြင်းဥပဒေဖြင့် ၁၉၆၄ ခုနှစ်က ပြည်သူပိုင်သိမ်းခဲ့သည့် အဆိုပါ အဆောက်အဦများ၊ အခန်းများကို ပထမဦးဆုံးအနေဖြင့် ကုန်သွယ်ရေးဝန်ကြီးဌာနက အသုံးပြုခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ပေါ်ပေါက်လာသည့်အချိန်တွင် သမဝါယမကဏ္ဍသည် ဒုတိယမဏ္ဍိုင်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ပြည်သူပိုင်သိမ်းခဲ့သည့် အဆောက်အဦ၊ အခန်းအချို့ကို ၁၉၇၁ ခုနှစ် သမဝါယမဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင်ရှိသည့် သမဝါယမအသင်းများအသုံးပြုရန် လွှဲပြောင်းပေးခဲ့သည့်အတွက်ကြောင့် သမဝါယမဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အနေဖြင့် လက်ရှိတိုင်းဒေသကြီး အတွင်းရှိ ပြည်သူပိုင်သိမ်းထားသည့် အခန်းအဆောက်အဦများကို နိုင်ငံပိုင်အဆောက်အဦစာရင်းတွင် ထည့်သွင်း မှတ်တမ်းတင်ထိန်းသိမ်းလျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ဖြေကြားခဲ့သည်။
