





၂၂.၁၀.၂၀၂၆
Written by Linn Eain
ပြည်သူ့ရင်ပြင် လူထုဧရိယာနေရာကို အစိုးရမဟုတ်သော ပုဂ္ဂလိကအဖွဲ့အစည်း၊ ကုမ္ပဏီများ စနစ်တကျငှားရမ်းသုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းကို အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ခိုင်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကမကထပြုလုပ်ပြီး အခါကြီးရက်ကြီးတွင် တရားပွဲ ၊ ဇာတ်သဘင်များ၊ တေးဂီတပွဲများ၊ ဈေးရောင်းပွဲတော်များ ကျင်းပလျက်ရှိရာ ရန်ကုန်မြို့နေလူထုများသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ပါဝင်ဆင်နွဲခဲ့ကြသော်လည်း ရန်ကုန်လူထုအတွက် လုံလောက်ပြည့်စုံ ကျေနပ်သည်အထိ ဆောင်ရွက်ပေးရန် လိုအပ်ချက်များရှိနေသည်ဟုထင်မြင်မိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်ခိုင်ဦးက ” ထို့ကြောင့် ရန်ကုန်လူထုအတွက် လုံလောက်သည့် ပျော်ရွှင်မှုများ ဖန်တီးပေးနိုင်ရန် ပြည်သူ့ရင်ပြင်အတွင်း အခါအားလျော်စွာ အစိုးရမဟုတ်သော ပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ကုမ္ပဏီ များအား ဈေးနှုန်းသတ်မှတ်၍ စည်းကမ်းတကျဖြင့် မြန်မာ့ဇတ်သဘင်ပွဲများ၊ တေးဂီတ ဖျော်ဖြေပွဲများ၊ ဈေးရောင်းပွဲတော်များ၊ မြန်မာ့အနုသုခလက်ရာပစ္စည်းများ၊ ခင်းကျင်းရောင်းချခြင်းနှင့် နည်းပညာဆိုင်ရာပစ္စည်းများ ခင်းကျင်းရောင်းချပွဲများ ပြုလုပ်ရန်အတွက် ခွင့်ပြုပေးသင့်သည်ဟု ထင်မြင်ယူဆမိပါတယ် ” ဟု မေးမြန်းခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ယင်းမေးခွန်းကို ဖြေကြားခဲ့ရာ ပြည်သူ့ရင်သည် နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကျင်းပသည့် အခမဲ့ အများပြည်သူနှင့်ဆိုင်သည့် အခမ်းအနားများကိုသာ ကျင်းပလျက်ရှိကြောင်း ဖြေကြားခဲ့သည်။
” ပြည်သူ့ရင်ပြင်ကတော့ ကျွန်တော်တို့ နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ရန်ကုန်တိုင်းဒေသကြီး စုဝေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အခမဲ့ပြည်သူလူထုအတွက် ဆောင်ရွက်တဲ့ အခမ်းအနားများကိုသာ ဆောင်ရွက်ပေးလျက်ရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်လေးစားစွာ ပြန်လည် ဖြေကြားအပ်ပါတယ် ” ဟု ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် ပွဲလမ်းသဘင်များဆောင်ရွက်ရန်အတွက် တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် Hexagon Complex ကွင်း၊ သင်္ကန်းကျွန်းမြို့နယ်ရှိ သု၀ဏ္ဏ Event Park ကွင်း၊ ရန်ကင်းမြို့နယ်ရှိ မြ၀တီမီဒီယာစင်တာ၊ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံ၊ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမနှင့် ရန်ကုန်ကွန်ဗန်းရှင်းစင်တာတို့အပြင် အခြားသင့်လျော်သည့် ခန်းမများ၊ ပန်းခြံအတွင်းစသည့်နေရာများတွင် ငှားရမ်းဆောင်ရွက်လျက်ရှိသလို ငှားရမ်းဆောင်ရွက်၍ရပါကြောင်း ရန်ကုန်မြို့တော်ဝန်က ဆက်လက်ပြောကြားခဲ့သည်။
