PM in a Bilateral Meeting with Mr. Min Aung Hlaing, Senior General of the Republic of the Union of Myanmar in Tianjin, China on August 31, 2025.
သတိုး
၂၂. ၁၀. ၂၀၂၆
အမေရိကန် အရာရှိများနှင့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့အကြား တွေ့ဆုံဆွေးနွေးမှုများသည် မြေရှားသတ္တု လိုအပ်ချက်များနှင့် ဆိုက်ဘာရာဇဝတ်မှုများကြောင့် လက်တွေ့ဆန်သော မူဝါဒအပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာကြောင်း ပြသနေသည်။
အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများက ခင်းကျင်းပေးထားသော ကောဇောနီများပေါ် လျှောက်လှမ်းခဲ့ပြီးနောက်၊ မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဦးမင်းအောင်လှိုင်သည် ၎င်း၏ သံတမန်ရေးရာ အောင်မြင်မှုသစ်တစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံခွင့် ရရှိလာပုံပေါ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာထိန်းသိမ်းမှုနှင့် ထို့နောက်ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး ၁၀ ရက်အကြာတွင် ဝါရှင်တန်က ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပိတ်ဆို့အရေးယူမှုများ စတင်ချမှတ်ခဲ့သည်။ ထို့နောက် နောက်ဆက်တွဲ ပိတ်ဆို့အရေးယူမှုများစွာဖြင့် တပ်မတော်နှင့် ဆက်နွှယ်နေသော ကုမ္ပဏီများနှင့် ခရိုနီများကို ပစ်မှတ်ထားခဲ့သည်။
သို့သော်လည်း လွန်ခဲ့သည့်လမှစ၍ အမေရိကန်အရာရှိများနှင့် ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ အသေးစိတ်အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံ၏ မြေရှားသည် ဆွေးနွေးပွဲဝိုင်းတွင် ပါဝင်နိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြသည်။
ဒေါ်နယ်ဒ် ထရမ့်ပ်၏ အစိုးရအဖွဲ့လက်ထက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မူဝါဒလမ်းကြောင်း ပြောင်းလဲရန် ပြင်ဆင်နေပုံရပြီး၊ ယင်းမှာ မူဝါဒဆိုင်ရာ စံနှုန်းများထက် လက်တွေ့ဆန်မှုကို ဦးစားပေးသည်ဟု ဝေဖန်သူများက ပြောဆိုကြသော အမေရိကန်၏ ကျယ်ပြန့်သည့် နိုင်ငံခြားရေးမူဝါဒ ပြန်လည်ပြင်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အိမ်ဖြူတော် အရာရှိများနှင့် မြန်မာကိုယ်စားလှယ်များအကြား ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အနည်းဆုံး တွေ့ဆုံပွဲနှစ်ခု ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက အတည်ပြုခဲ့သည်။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဆွေးနွေးပွဲတွင် အမေရိကန် စီးပွားရေးသမား Adam Castillo လွတ်မြောက်ရေးကို ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် လှုပ်ရှားနေသော ဆိုက်ဘာလိမ်လည်မှုစခန်း (ကျားဖြန့်) အန္တရာယ်မှ အမေရိကန်နိုင်ငံသားများကို အကာအကွယ်ပေးရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
Castillo လွတ်မြောက်လာမှုသည် နှစ်နိုင်ငံအကြား “ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး” ၏ သင်္ကေတ တစ်ခုဖြစ်ကြောင်း မြန်မာ့အစိုးရပိုင် မီဒီယာများက နောက်ပိုင်းတွင် ဖော်ပြခဲ့သည်။

အောက်တိုဘာလဆန်းပိုင်းက တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော နောက်ဆက်တွဲ ဆွေးနွေးပွဲများ၏ အနှစ်သာရမှာမူ အမေရိကန် နိုင်ငံခြားရေးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Vance က ဦးဆောင်ခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးပွဲများကို “စမ်းသပ်လေ့လာသည့်အဆင့်” ဟု ဖော်ပြရင်း သြစတြေးလျအခြေစိုက် Lowy Institute သုတေသနအဖွဲ့၏ အရှေ့တောင်အာရှအစီအစဉ် ဒါရိုက်တာ Hunter Marston က အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏ “ဒီမိုကရေစီဆီသို့ အေးချမ်းစွာ ပြန်လည်ကူးပြောင်းရေး” ကို တစ်စိတ်တစ်ပိုင်း ထောက်ခံနေခြင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။
သို့သော် “လက်ရှိအချိန်တွင် အဓိကကျသော ရည်ရွယ်ချက်မှာ မြေရှားသတ္တုများ ရရှိနိုင်ရေးနှင့် ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးသည့် စမ်းသပ်လေ့လာမှု ဆွေးနွေးပွဲများဝန်းကျင်တွင်သာ လှည့်ပတ်နေပုံရသည်” ဟု Marston က ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုရင်းမြစ် အမြောက်အမြား ထုတ်လုပ်သည့် နိုင်ငံများထဲတွင် ပါဝင်ပြီး၊ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် တာဘိုင်များမှသည် ကာကွယ်ရေးနည်းပညာနှင့် ရိုဘော့တစ် (Robotics) နည်းပညာအထိ အရာရာတွင် မရှိမဖြစ်လိုအပ်သော အဆိုပါ အရေးပါသည့် သတ္တုများအတွက် တရုတ်နိုင်ငံ၏ အဓိက တင်သွင်းရာ မူလရင်းမြစ်လည်း ဖြစ်သည်။
ဉာဏ်ရည်တု (AI) နည်းပညာကြောင့် စွမ်းအင်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ လိုအပ်ချက် မြင့်မားလာသည်နှင့်အမျှ အိမ်ဖြူတော်သည် ရရှိနိုင်သည့် မည်သည့်နေရာမှမဆို မြေရှားပစ္စည်း သိုလှောင်မှုများကို ရေရှည်ရရှိနိုင်ရန် သန္နိဋ္ဌာန်ချထားသည်။ ကမ္ဘာ့ထုတ်လုပ်မှုကို စိုးမိုးထားသော တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် ဝါရှင်တန်သည် ကမ္ဘာအနှံ့ ထောက်ပံ့ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် မြန်မာနိုင်ငံရှိ သိရှိထားပြီးသား သတ္တုသိုက်များထံမှ ရယူနိုင်ရန်မှာ လွန်စွာခက်ခဲသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။
တရုတ်နှင့် ထိုင်းနယ်စပ်အနီး တောင်ထူထပ်သော နယ်စပ်ဒေသများတွင် မြှုပ်နှံထားသည့် မြန်မာနိုင်ငံ၏ သတ္တုကြွယ်ဝသော ဒေသ အများအပြားမှာ ဗဟိုအစိုးရ၏ ထိန်းချုပ်မှုပြင်ပတွင် ရှိနေသည်။ အဆင့်မြင့် စစ်ရေးနည်းပညာများအတွက် အရေးပါသော Dysprosium နှင့် Terbium သတ္တုများ ကြွယ်ဝသည့် ကချင်ပြည်နယ် မြောက်ပိုင်းဒေသသည် တပ်မတော်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားသည်။

“KIA သာ ဆွေးနွေးပွဲဝိုင်းတွင် မပါဝင်ပါက အမေရိကန် စဉ်းစားထားနိုင်သည့် စာချုပ်မျိုး ရရှိရန်မှာ မဖြစ်နိုင်သလောက် ပင်ဖြစ်သည်” ဟု Marston က သုံးသပ်သလို “ကချင်ပြည်နယ်ရှိ နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်ပွဲမျက်နှာစာသစ် မဖွင့်နိုင်သမျှ ကာလပတ်လုံး စစ်တပ်အနေဖြင့် အမေရိကန်အတွက် ထိုကဲ့သို့သော အောင်မြင်မှုမျိုး ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ပေ။”ဟုလည်း ဆက်လက်ပြောကြားသည်။
ဦးမင်းအောင်လှိုင်သည် သမ္မတရာထူးကို ရယူခဲ့သည့် ဧပြီလမှစ၍ သံတမန်ရေးရာ အခင်းအကျင်းမှာ ပိုမိုလွယ်ကူလာခဲ့ပြီး လွန်ခဲ့သည့် လများအတွင်း ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ လာအိုနှင့် ကမ္ဘောဒီးယား အပါအဝင် အိမ်နီးချင်းနိုင်ငံများအားလုံးက ဦးမင်းအောင်လှိုင်အား သမ္မတအဖြစ် နိုင်ငံတော်အဆင့် လက်ခံတွေ့ဆုံခဲ့ကြသည်။ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နှင့် အိန္ဒိယတို့ကလည်း ဦးမင်းအောင်လှိုင်အား ကြိုဆိုခဲ့ကြသည်။
ထိုအထဲတွင် ထိုင်းနိုင်ငံသည် အာဆီယံအတွင်း မြန်မာနိုင်ငံအား ပြန်လည်ဝင်ရောက်လာစေရန် အဓိက တွန်းအားပေးဆောင်ရွက်ခဲ့သည်။ ယခုလအစောပိုင်းက မလေးရှားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်အား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး အာဏာထိန်းသိမ်းပြီးကတည်းက ပိတ်ပင်ခံထားရသည့် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာနိုင်ရေးအတွက် အရှိန်အဟုန်သစ်များ ဖြစ်ပေါ်စေခဲ့သည်။
ဘိုင်ဒင်အစိုးရလက်ထက်တွင် ဝါရှင်တန်သည် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်း၍ အာဏာရအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့သည်။ သို့သော် ထရမ့်ပ်လက်ထက်တွင်မူ အဆင့်ဆင့် လျှော့ချပေးရေးကို ထည့်သွင်းစဉ်းစားနေသည့် လက္ခဏာများ ရှိနေသည်။
မြန်မာ့ရေးရာ စောင့်ကြည့်လေ့လာသူ အချို့က ဝါရှင်တန်တွင် မြန်မာအစိုးရ၏ ကံကြမ္မာ အပြောင်းအလဲမှာ ဧပြီလက ဝါရင့် ရီပတ်ဘလစ်ကန် မဟာဗျူဟာမှူး Roger Stone ကို ငှားရမ်းခဲ့ခြင်းကြောင့်ဟု သတ်မှတ်ကြသည်။ Stone သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက မြန်မာနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၃ သန်းတန် စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ဝါရှင်တန်အခြေစိုက် DCI Group လော်ဘီကုမ္ပဏီတွင် အကြံပေးအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ရရှိသည်ဟု ဆိုသည်။

သို့သော် Marston က လော်ဘီသမား၏ အခန်းကဏ္ဍကို လွန်ကဲစွာ မဖော်ပြရန် သတိပေးထားသလို”ကျွန်တော့်အမြင်အရတော့ Roger Stone နဲ့ DCI Group တို့ဟာ အမေရိကန်ရဲ့ ချဉ်းကပ်ပုံ အနည်းငယ် ပြောင်းလဲမှုအပေါ် လွှမ်းမိုးမှု သိပ်မရှိဘူးလို့ ထင်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။
ပြင်ပသဘောထားများကို လျစ်လျူရှုစွန့်ပစ်လေ့ရှိသော နေပြည်တော်ဘက်မှလည်း လေသံပြောင်းလဲလာသည့် အခြားလက္ခဏာများ ရှိနေသည်။
ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာအစိုးရ အရာရှိများသည် ဗြိတိန်ဘုရင် ချားလ်စ်က ပေးပို့သော ပါဆယ်ထုပ်ကို လက်ခံရရှိသည့် အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ရှားပါးဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့သလို ဦးမင်းအောင်လှိုင်သည်လည်း Time မဂ္ဂဇင်း၏ ကိုယ်ရေးဆောင်းပါးအတွက် အနောက်တိုင်းမီဒီယာတစ်ခုနှင့် ရှားရှားပါးပါး အင်တာဗျူး ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
(Alibaba Group က ၂၀၁၆ ခုနှစ်တွင် ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး တရုတ်အစိုးရအပေါ် အပြုသဘောဆောင်သော အယ်ဒီတာအဖွဲ့ လမ်းကြောင်း (Editorial stance) ဘက်သို့ ယိမ်းလာသည့် ဟောင်ကောင်အခြေစိုက် SCMP က ဖော်ပြခဲ့သည့် What’s behind the quiet US diplomatic thaw with Myanmar? ဆောင်းပါးအား MT News မူဝါဒနှင့်အညီ ဆီလျော်သလို ကောက်နုတ်ပြန်ဆို ဖော်ပြအပ်ပါသည်။)
