၂၃.၁၀.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်တောင်ပိုင်း၊ တိဘက်ဒေသတွင် ပြင်းအား ၇ မဂ္ဂနှီကျူ့ရှိသည့် အင်အားပြင်း ငလျင်တစ်ခု အောက်တိုဘာလ ၂၂ ရက်ညက လှုပ်ခတ်ခဲ့ရာ အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့ကြသည်။ ဒဏ်ရာရရှိသူများအနက် ၁၁ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ဒေသတွင်း မီဒီယာရုံးက ပြောကြားသည်။
ဤငလျင်သည် ဟိမဝန္တာတောင်တန်းဒေသရှိ ဝေးလံခေါင်သီသော တိဘက်ဒေသတွင် လွန်ခဲ့သည့် ငါးနှစ်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်သလို ၂၀၂၄ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တရုတ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အပြင်းထန်ဆုံး ငလျင်လည်း ဖြစ်ကြောင်း CCTV ရုပ်သံလိုင်းက ပြောကြားခဲ့သည်။
ငလျင်သည် မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာ အနက်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ မြေမျက်နှာပြင်နှင့် နီးကပ်စွာ (ကီလိုမီတာ ၇၀ အထိ အနက်) လှုပ်ခတ်သည့် ငလျင်များသည် ပိုမိုအန္တရာယ်များပြီး ပျက်စီးဆုံးရှုံးမှု ပိုမိုဖြစ်ပေါ်စေတတ်သည်။
ငလျင်ကြောင့် တိဘက်ဒေသအတွင်း အိမ်ခြေရာနှင့်ချီ ပြိုကျပျက်စီးခဲ့ကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ ဒေသတွင်း အစိုးရတာဝန်ရှိသူများက လူနေအိမ် အနည်းဆုံး ၃၃၉ လုံး ပြိုကျပျက်စီးခဲ့ကြောင်း ပြောကြားသည်။ ထို့အပြင် တိရစ္ဆာန်မွေးမြူရေးခြံ အဆောက်အအုံ ၂၀ လည်း ပျက်စီးခဲ့သည်။
တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှု ပမာဏကို ဆန်းစစ်အကဲဖြတ်နေချိန်တွင် ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဒေသသို့ ပေးပို့ထားသည့် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်သွားကြောင်း Xinhua သတင်းဌာနက ဖော်ပြသည်။
အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန၏ အဆိုအရ ငလျင်ဗဟိုချက်သည် တိဗက်ဒေသ၏ မြို့တော် လာဆာမြို့၏ မြောက်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာတွင်ရှိသော နာချူးမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၉၀ (မိုင် ၁၂၀ ခန့်) အကွာတွင် တည်ရှိကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများမှာ အတော်အတန် ဖြစ်ပွားလေ့ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိဘက်ဒေသ၊ တင်းဂရီ နယ်မြေရှိ ဧဝရက်တောင်အနီး၌ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူဦးရေ အနည်းဆုံး ၁၂၆ ဦး သေဆုံးခဲ့သည်။
၂၀၁၀ ပြည့်နှစ်ကလည်း တိဘက်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ချင်းဟိုင်ပြည်နယ်၌ ပြင်းအား ၇ ဒသမ ၁ မဂ္ဂနှီကျူ့ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူဦးရေ အနည်းဆုံး ၂,၆၉၈ ဦး သေဆုံးခဲ့သေးသည်။
Ref-AFP, Xinhua
