၂၃.၁၀.၂၀၂၆
Written by Linn Eain
အိန္ဒိယနိုင်ငံမှ တက္ကသိုလ် ၂၆ ခု ပါဝင်ပြသသည့် Study in India Education Fair 2026 ပညာရေးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ Pan Pacific တွင် အောက်တိုဘာ ၂၃ ရက်၊ နံနက် ၉ နာရီခွဲ ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့် မြန်မာဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Study in India Education Fair 2026 ပညာရေးပြပွဲကို India: New Horizons for Education and Learning ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂၄ ရက်၊ ညနေ ၅ နာရီထိ နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ပညာရေးပြပွဲပထမနေ့ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakur၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အမှတ်တရအမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakurက အမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံမှ လာရောက်ပြသသည့် တက္ကသိုလ် ၂၆ ခုသည် သက်ဆိုင်ရာအိန္ဒိယအာဏာပိုင်များ၏ စိစစ်အသိအမှတ်ပြုမှုရရှိထားပြီး ယင်းတို့အနက် IITS နှင့် NITs များအပါအဝင် ထိပ်တန်းအစိုးရတက္ကသိုလ် ၅ ခုနှင့် အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးမှ ထိပ်တန်းပုဂ္ဂလိကတက္ကသိုလ် ၂၁ ခုပါဝင်ကြောင်း၊ အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်စုစုပေါင်း ၁၁၀၀ ကျော်၊ ကောလိပ်စုစုပေါင်း ၄၅၀၀၀ ခန့်ရှိပြီး မြန်မာကျောင်းသားများအတွက် ဆွဲဆောင်မှုရှိစေသော ပညာရေးရည်မှန်းချက်တစ်ခုဖြစ်စေသည့်အချက်မှာ သင့်တင့်သော ပညာရေးကုန်ကျစရိတ်ဖြင့် အရည်အသွေးမြင့်ပညာရေးကို ရရှိနိုင်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် Educational Consultants India Limited (EdCIL) မှ Chief General Manager ဖြစ်သူ Mr. Sandeep Goel က ပညာသင်ယူခွင့် အခွင့်အလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး The International School Yangon (ISY) မှ ကျောင်းသား၊ ကျောင်းသူများက အိန္ဒိယယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ သံအမတ်ကြီး Shri Abhay Thakur နှင့် ဦးနေအုပ်တို့ကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ရန်ကုန်မြို့၊ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန် (Economic & Commerce) Mr. Ashok Kumar က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့သည် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယတက္ကသိုလ်များမှ ပြခန်းများကို လှည့်လည်ကြည့်ရှုကာ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရေးပြပွဲသို့ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ပညာရေးလမ်းညွှန်များနှင့် ပုဂ္ဂလိကကျောင်းများမှ တာဝန်ရှိသူများလာရောက် လေ့လာခဲ့ကြပြီး အိန္ဒိယနိုင်ငံမှ တက္ကသိုလ်ပြခန်းများမှ တာဝန်ခံများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးကာ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာသင်ယူခွင့် အခွင့်အလမ်းများကို လေ့လာစုံစမ်းခဲ့ကြောင်း သိရသည်။









