၂၄.၁၀.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ပန်းပဲတန်းရပ်၊အထက်လမ်းမကြီးအထက(၁) အရှေ့ရှိ ဓာတ်တိုင်ကို မီနီအိုးဝေတစ်စီးက အရှိန်လွန်ကာ တိုက်မိမှုဖြစ်ပွား၍ ယာဥ်မောင်း အမျိုးသားကြီး သေဆုံးမှု အောက်တိုဘာ ၂၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၆၃ နှစ်အရွယ် ဦးအေးမြင့်ဖြစ်ပြီး မြိုင်သာယာရပ်ကွက်၊ စွန်းလွန်းဂူကျောင်းအနီးတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
အိုးဝေမောင်းနှင်လာသူ အမျိုးသားကြီးမှာ မောင်းနှင်လာစဥ် အရှိန်လွန်ကာ လမ်းဘေးရှိ ဆက်သွယ်ရေးတိုင်နှင့် EPC တိုင်တို့ကို တိုက်မိပြီး အိုးဝေယာဉ်မောင်းမှာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အိုးဝေယာဥ်မောင်း အမျိုးသားကြီးမှာ ဆီးချိုရောဂါ အခံရှိပြီး မကြာခဏ ဆီးချိုတက်တတ်ကြောင်း ၎င်း၏မိတ်ဆွေတစ်ဦး ပြောကြားချက်အရသိရပြီး သေဆုံးသူတွင် ဇနီးနှင့် သားသမီး ၂ ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
” ကျွန်တောိတွေ့တဲ့အချိန်က ယာဉ်တိုက်မှုအရှိန်ကြောင့် သုံးဘီးအောက် လူရောက်ပြီးသုံးဘီး ပြန်ကြိတ်မယ့်သဘောလိုမျိုးပါ။ သုံးဘီးပေါ်မှာ ခရီးသည် မပါဘူး။ တစ်ယောက်တည်း မောင်းလာတာပါ”ဟု မျက်မြင်တွေ့ရှိသူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

သေဆုံးသူနှင့်အတူ အိုင်ဖုန်းတစ်လုံး၊ ပိုက်ဆံအိတ်ထဲဲမှ ငွေသား ကျပ်လေးသောင်းကျော်၊ ယာဉ်မောင်းလိုင်စင်နှင့် ကွဲကြေနေသော မျက်မှန်နှင့် ထမင်းထုပ်တစ်ထုပ် ပါကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးထံမှ သိရသည်။
မီနီအိုးဝေတစ်စီး ယာဥ်တိုက်မှုဖြစ်ရာနေရာသို့ မော်လမြိုင် အရေးပေါ်လူမှုကယ်ဆယ်ရေး ရွှေတောင်လူမှု့ကယ်ဆယ်ရေးအသင်း(မော်လမြိုင်)မှ အသင်းဝင်များ ၊ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ဝိုင်းဝန်းကူညီကယ်ဆယ်ခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မော်လမြိုင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(MR)မှ အဖွဲ့ဝင်များက မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
