


၂၃.၁၀.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်၊ မေတ္တာလမ်းရှိ နေအိမ်တစ်လုံးတွင် ကလေးငယ်တစ်ဦး ခေါက်ဆွဲပြုတ်ရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
” ၁၂ နှစ်သား ကလေးက ခေါက်ဆွဲပြုတ်ရင်း ထရံကို မီးကူးပြီး စလောင်တာပါ။ နေအိမ်တစ်လုံးပဲ မီးထဲပါသွားတယ်”ဟု မီးငြိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် ပျဉ်ခင်း၊ ဓနိမိုး၊ ထရံကာ နေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး အပါအဝင် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်လမြိုင်မြို့ပေါ်ရှိလူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀ နာရီခန့်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာ ကျောက်တိုင်ရပ်တွင် ဆိုလာအပူလွန်ကဲရာမှ လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။
