၂၃. ၁၀. ၂၀၂၆
Written by Min Thet

အသက် ၂၀ ကျော် လူငယ်တစ်ဦးသေဆုံးကာ အမျိုးသမီးကြီးတစ်ဦး စိုးရိမ်ဒဏ်ရာရခဲ့သည့် ပုသိမ်ညွန့်အမှုမှ စတိုးဆိုင်ဝင်ဖောက်သည့် သူခိုးများအားလုံးကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် သတင်းရင်းမြစ်အရ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက် နေအိမ် တစ်အိမ်တွင် အသက် ၆၃ နှစ်အရွယ် အစ်မဖြစ်သူ ဒေါ်တင်တင်ဝင်း၊ မောင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးစန်းထွေး၊ တူဖြစ်သူ အသက် ၂၃ နှစ်အရွယ် မောင်စိုပြည် တို့ နေထိုင်ကြစဉ် အောက်တိုဘာလ ၂၁ ရက် နံနက် ၁ နာရီခွဲခန့်အချိန်က နေအိမ် အောက်ထပ်မှ အစ်မဖြစ်သူ ဒေါ်တင်တင်ဝင်း၏ အော်သံကြား၍ အိပ်ခန်းတံခါးကို ဖွင့်ကြည့်ရာ ဒေါ် တင်တင်ဝင်းအား အမည်မသိ အမျိုးသား ၃ ဦးမှ ဓားဖြင့် ထိုးပြီး နေအိမ်အပေါ်ထပ်သို့ လှေကားအတိုင်း ပြေးတက်လာသဖြင့် တရားလိုမှ တူဖြစ်သူ အိပ်ခန်းထဲသို့ ပြေးဝင်ပြီး တံခါးဂျက်ထိုးနေခဲ့ကြောင်း၊ ထို့နောက် အမည်မသိ အမျိုးသား ၃ ဦးမှာ နေအိမ်အပေါ်ထပ်နောက်ဖေးပြတင်းပေါက်မှ ဆင်းပြေးသံကြား၍ အိပ်ခန်းတံခါးဖွင့်ပြီး နေအိမ်အောက် ထပ်သို့ ဆင်းကြည့်ရာ ညီမဖြစ်သူ ဒေါ်တင်တင်၀င်းတွင် ယာဘက်ရင်ဘက်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်ဘက်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာနှင့် ဝဲဘက်မျက်လုံးဘေးပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ဝဲဘက် နားရွက်အောက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်း ပြတ်ရှဒဏ်ရာ ၁ ချက်ရရှိ၍ လှေကားရင်း သွေးအိုင်ထဲတွင် လဲကျနေပြီး ၎င်းနှင့် ၆ ပေခန့်အကွာ ကြမ်းပြင်ပေါ်တွင် တူဖြစ်သူ မောင်စိုပြည်မှာ ဝဲဘက် ပုခုံးထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်လည် ပင်းထိုးသွင်း ဒဏ်ရာ ၂ ချက်၊ ဝဲဘက်ပါးမှ နဖူးထိပြတ်ရှဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ဖဝါးပြတ် ရှဒဏ်ရာ ၁ ချက်၊ ယာဘက် ရင်ဘက် ထိုးသွင်း ဒဏ်ရာ ၂ ချက်ရရှိပြီး သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။
ယင်းကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ တူဖြစ်သူ မောင်စိုပြည်၏ အလောင်းကို PR-003 ဖြင့် တာဝန်ကျဆရာဝန် က လက်ခံခဲ့ပြီးအစ်မဖြစ်သူ ဒေါ်တင်တင်ဝင်းမှာ ရန်ကုန် ပြည်သူ့ဆေး ရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ကြောင့် အတူနေ တရားလို ဦးစန်းထွေးက တူဖြစ်သူ မောင်စိုပြည်အား သေဆုံးသည်အထိ ဒဏ်ရာများရရှိအောင်နှင့် အစ်မဖြစ်သူ ဒေါ်တင်တင်ဝင်းအား နာကျင်ဒဏ်ရာများရရှိအောင် ဓားဖြင့်ထိုးခဲ့သူ အမည်မသိအမျိုးသား ၃ ဦးကို စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တိုင်တန်းခဲ့သောကြောင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ)၈၅၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂၊ ၃၂၆ အမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တရားခံများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ပွားသည့်နေ့ ၌ပင် ကျူးလွန်သူ ကြက်ဘဲဈေးလုပ်သား၊ ပုသိမ်ညွန့်(၅)လမ်း၊ ပုသိမ်ညွန့် ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ အသက် ၁၉ နှစ်အရွယ် မောင်မောင် ဆိုသူကို သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးရှိ မင်းနန္ဒာအိမ်ရာအနီးတွင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် FLOWER ROSE စာတမ်းပါ အရိုးအသွား ၁၀ လက်မခန့်ရှိ အစိမ်းရောင်ကော်ရိုးတပ် ဓားဦးချွန် ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ရာတွင် အကြီးကောင်နှင့် ကရင်တို့ ၂ ဦးပါဝင်ကြောင်း စစ်ဆေးသိရှိရ၍ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၂ ရက်တွင် ပုသိမ်ညွန့် (၆)လမ်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ အသက် ၂၀ နှစ် အရွယ် စံလင်း(ခ)အကြီးကောင် ဆိုသူကို ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၈၈) ရပ်ကွက်၊ ရွှေဂျိုးဖြူလမ်းပေါ်တွင် လည်းကောင်း ၊ အမှတ်(၆၄၆)၊ ပဒုမ္မာလမ်း၊ ပဒု (၈၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေသူ အသက် ၂၇ နှစ်အရွယ် ကျပန်း အလုပ်သမား လှမျိုးထွန်း (ခ)ကရင်လေး ၂၇ နှစ်ကို အဆိုပါ နေအိမ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးအသွား ၁၀ လက်မခန့်ရှိ ငါးမန်းစွယ်ဓား ဦးချွန်ဓားမြှောင် ၁ ချောင်း၊ FLOWER ROSE စာတမ်းပါ အရိုးအသွား ၁၁ လက်မခန့်ရှိ အစိမ်းနုရောင် ကော်ရိုးတပ် စတီးဓားဦးချွန် ၁ ချောင်း တို့ကိုပါ အမှုဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ပြစ်မှုကျူးလွန်သူ ၃ ဦးကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့သွားမည်ဖြစ်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
