

၂၃.၁၀.၂၀၂၆.
Translated by Htwe Ko Tun
ပိုလန်နိုင်ငံတွင် သန္ဓေသား၌ ပြင်းထန်သော မူမမှန်မှုများရှိခြင်း၊ မိခင်၏ ကျန်းမာရေး သို့မဟုတ် အသက်အန္တရာယ်ရှိနိုင်ခြင်း သို့မဟုတ် မုဒိမ်းမှု သို့မဟုတ်သွေးသားချင်းလိင်ဆက်ဆံမှုကြောင့် ကိုယ်ဝန်ရှိလာခြင်း စသည့် အခြေအနေများတွင်သာ ကိုယ်ဝန်ဖျက်ချခွင့်ကို ၁၉၉၃ ခုနှစ်မှ စတင်၍ ခွင့်ပြုထားသည်။
ပိုလန်နိုင်ငံ၏ အမြင့်ဆုံးတရားရုံး၏ စီရင်ချက်အရ ကိုယ်ဝန်ဖျက်ချခြင်းကို လုံးဝနီးပါး တားမြစ်ပိတ်ပင်ခဲ့သည့် ဥပဒေပြဋ္ဌာန်းခဲ့သည်မှာ ခြောက်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ်၊ ကိုယ်ဝန်ဖျက်ချခွင့် ရရှိရေး တောင်းဆိုရန်အတွက် ဝါဆောမြို့နှင့် ပိုလန်နိုင်ငံ၏ မြို့ကြီး ၂၀ ကျော်၌ လူထောင်ပေါင်းများစွာ အောက်တိုဘာလ ၂၂ ရက်က လမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။
ဤဆန္ဒပြပွဲများကို “ကိုယ်ဝန်ဖျက်ချခွင့်အတွက် အနီကတ် (Red card)” ဟူသော ကြွေးကြော်သံဖြင့် ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ ဥပဒေများကို ဆန့်ကျင်သည့်အနေဖြင့် အနီကတ်များနှင့် “ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ခြင်းက အမျိုးသမီးများကို သေစေသည်” နှင့် “အမျိုးသမီးများအတွက် ငရဲခန်းက ဆက်လက်တည်ရှိနေဆဲ” စသည့် ကြွေးကြော်သံများ ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။
ကက်သလစ်ဘာသာဝင် အများစုနေထိုင်ရာ ပိုလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ရန် ရည်ရွယ်သည့် ဥပဒေကြမ်းနှစ်ခုကို လွှတ်တော်က အတည်ပြုပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် ဤဥပဒေကြမ်းနှစ်ခုစလုံးကို ရှေးရိုးစွဲအမြင်ရှိသော သမ္မတ ကာရိုးလ် နောရော့ကီက ဗီတိုအာဏာ ဖြင့် ပယ်ချဖွယ်ရှိသည်ဟု ယူဆရသည်။
ဝန်ကြီးချုပ် Donald Tusk ဦးဆောင်သော လစ်ဘရယ်အစိုးရသည် နိုင်ငံ၏ တင်းကျပ်သော ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်းလဲပေးမည်ဟု ကတိပေးထားသော်လည်း၊ ယင်းကတိကို မဖြည့်ဆည်းနိုင်ခဲ့ကြောင်း ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနက် ကိုယ်ဝန်ဖျက်ချခွင့်နှင့် ပတ်သက်၍ အတင်းကျပ်ဆုံး ဥပဒေများ ရှိသည့် နိုင်ငံများထဲမှ တစ်ခုဖြစ်သော ပိုလန်နိုင်ငံ၏ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များဖြစ်ကြပြီး ပိုမိုရှေးရိုးစွဲ သဘောထားရှိသည့် Poland 2050 ပါတီနှင့် Polish Peasants’ Party (PSL) ပါတီတို့က တင်သွင်းလာသော ဒုတိယမြောက် ဥပဒေကြမ်းမှာ သန္ဓေသားတွင် ပြင်းထန်သော မူမမှန်မှုများရှိသည့်အခါ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားသည့် ၂၀၂၀ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးမည့် ဥပဒေကြမ်းတစ်ခု ဖြစ်သည်။
ပထမဥပဒေကြမ်းကို ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၂၁၃ မဲနှင့် ကြားနေမဲ ၃ မဲဖြင့် အတည်ပြုခဲ့ပြီး၊ ဒုတိယဥပဒေကြမ်းကိုမူ ထောက်ခံမဲ ၂၃၃ မဲ၊ ကန့်ကွက်မဲ ၂၀၃ မဲနှင့် ကြားနေမဲ ၁ မဲဖြင့် အတည်ပြုခဲ့သည်။
ဆန္ဒပြသူများက ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇဝတ်မှုမြောက်ခြင်းမှ လုံးဝပယ်ဖျက်ပေးရန် တောင်းဆိုနေကြသည့်အပြင်၊ ကိုယ်ဝန် ၁၂ ပတ်အထိ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ရရှိရေး၊ အရေးပေါ် သန္ဓေတားဆေးကို အပြည့်အဝ ရယူသုံးစွဲခွင့်ရရှိရေးတို့ကိုလည်း တောင်းဆိုလျက်ရှိသည်။
ပိုလန်နိုင်ငံရှိ မြို့ပေါင်း ၂၆ မြို့နှင့် လန်ဒန်မြို့တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြပွဲ စီစဉ်သူများက အောက်တိုဘာလ ၂၅ ရက်တွင် နောက်ထပ် ဆန္ဒပြပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
Ref- DW News
