



သက်တံ့
၂၄. ၁၀. ၂၀၂၆
EV ကား အားသွင်းသွားစဥ် ကားနှင့်အတူ ပျောက်ဆုံးသွားသည့် အမျိုးသမီးမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သူမအသုံးပြုသည့် Hnin Ei Ei Paing လူမှုကွန်ရက်အကောင့်တွင် အသိပေးထားသည်။
အသက် ၃၃ နှစ်အရွယ် မနှင်းလဲ့လဲ့ပိုင် ခေါ် Ma Yuki မှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်အချိန်က မြန်မာပလာဇာအနီးရှိ MG EV Charging Station သို့ ကားအားသွင်းရန် သွားရောက်စဥ် ကားရောလူပါ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး CCTV မှတ်တမ်းများအရ လူသုံးဦးက ခေါ်ဆောင်သွားခြင်းဖြစ်ကာ သူမစီးနင်းသွားသည့် Dongfang Nammi EV အမျိုးအစား ယာဉ်အမှတ် HH -4713 ကိုပါ ခေါ်ဆောင်သွားသူသုံးဦးက မောင်းနှင်ယူဆောင်သွားခြင်းဖြစ်သည်။
“အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မ နှင်းလဲ့လဲ့ပိုင် (Ma Yuki) ကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီရှင်။ အများထင်နေသလို ပြန်ပေးဆွဲတာမဟုတ်ပါဘူးနော်။နားလည်မှုလွဲနေတဲ့ မေးခွန်းတွေ ဖြေပေးနေရပြီး ဖုန်းက လက်ထဲမှာမဟုတ်လို့ပါ. ဘဝမှာ မေ့မရတော့မယ့် အခြေနေတစ်ခုတော့ ကြုံခဲ့ရပါတယ်ရှင့်။ ခက်ခဲပြီး သွားတဲ့ ၂ ရက်ခွဲတာမှာ အစအဆုံး စိတ်ပူ ကူညီပေးကြတဲ့ သူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ရှင့် ❤️❤️❤️ အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ခံစားခဲ့ရပါတယ်”ဟု Hnin Lei Lei Paing အကောင့်တွင် ရေးသားထားသည်။
မနှင်းလဲ့လဲ့ပိုင်သည် YP Education Founder နှင့် Happy Hour Travel ၏ ပိုင်ရှင်ဖြစ်သလို Rotary Club ၏ President အဖြစ်လည်း ၂၀၂၅ ခုနှစ်တွင် တာဝန်ယူခဲ့သည်ဟု သိရသည်။
ထို့အတူ မနှင်းလဲ့လဲ့ပိုင် ပျောက်ဆုံးမှုကို ကနဦးတင်ခဲ့သည့်ညီမဖြစ်သူကလည်း “မမ ကျန်းကျန်းမာမာပဲပြန်ရောက်လာပါပြီ။ လူရောကားရော ပြန်ရောက်လာပါပြီရှင်။ စိတ်ပူပေးကြတဲ့ အကို/အမ ဦးဦးဒေါ်ဒေါ် Media များအားလုံးနှင့် တာဝန်ယူလုပ်ဆောင်ပေးကြတဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻”ဟု May Jasmine အကောင့်တွင် ရေးသားထားသည်။
