▶ ထိုင်းနိုင်ငံသည် အမေရိကန်နှင့် မြန်မာစစ်အစိုးရတို့အကြား သွေးသစ်လောင်းဆွေးနွေးမှုများနှင့် ထိတွေ့ဆက်ဆံမှုများကို ထောက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။
▶အဆိုပါ ထောက်ခံမှုသည် မြန်မာနိုင်ငံ သီးခြားခွဲထွက်ကျန်ရစ်မှုကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို တွန်းအားပေးရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
▶ လာမည့် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်မှုပုံစံသည် “အနှစ်သာရရှိစွာနှင့် နက်နက်ရှိုင်းရှိုင်း” ဆွေးနွေးရမည့် ခေါင်းစဉ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ထားသည်။
▶ ယခု ပြောကြားချက်မတိုင်မီ အမေရိကန်သည် လွန်ခဲ့သည့်တစ်လအတွင်း မြန်မာအစိုးရအဖွဲ့ဝင်များနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး အဆက်အသွယ် ပိုမိုတိုးမြှင့်လာချိန်တွင် ယခုကဲ့သို့ ထိုင်းနိုင်ငံ၏ ထောက်ခံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
သက်တံ့
၂၄. ၁၀. ၂၀၂၆
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ထောက်ခံကြောင်းနှင့် နိုဝင်ဘာလတွင် မနီလာမြို့၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဒေသတွင်းခေါင်းဆောင်များသည် မြန်မာနိုင်ငံအပေါ် ထားရှိမည့် ချဉ်းကပ်ပုံများကို ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကက်ကောင်း (Sihasak Phuangketkeow) က ပြောကြားခဲ့သည်။
စီဟာဆက်က လစ်စဘွန်းမြို့၌ ရိုက်တာသတင်းဌာနသို့ အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားရာ၌ ထိတွေ့ဆက်ဆံခြင်းသည် မြန်မာအစိုးရအား တရားဝင်မှု ပေးခြင်းထက် မြန်မာ့အတိုက်အခံများနှင့် ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေးနှင့် ရန်ငြိုးပြေအေးရေးတို့ကို အားပေးသင့်သည်ဟုလည်း ပြောဆိုခဲ့သည်။
”ကျွန်တော်တို့ မြန်မာနိုင်ငံ သီးခြားခွဲထွက်ကျန်ရစ်တာမျိုး မမြင်ချင်ပါဘူး၊ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုမြေပြင် ဖြစ်လာတာမျိုးလည်း မလိုလားပါဘူး … ဒါကြောင့် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု စီဟာဆက်က ပြောသည်။
အမေရိကန်နှင့် မြန်မာအာဏာပိုင်များသည် စီဟာဆက်၏ အင်တာဗျူးမတိုင်မီ နှစ်ပတ်အလိုက တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ယင်းမှာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ ဝါရှင်တန်သည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း ရှောင်ရှားခဲ့သော မြန်မာအစိုးရအာဏာပိုင်များနှင့် အဆက်အသွယ် ပိုမိုတိုးမြှင့်လျက်ရှိသည်။
လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်များကို လေးလေးနက်နက် ဆွေးနွေးကြလိမ့်မည်ဟု စီဟာဆက်က မျှော်လင့်ထားသော်လည်း မြန်မာနိုင်ငံ၏ အပြည့်အဝ ကိုယ်စားပြုခွင့် ပြန်လည်ရရှိရေးကို ထည့်သွင်းစဉ်းစားမည်၊ မစဉ်းစားမည်ကိုမူ အတည်မပြုနိုင်သေးပေ။ ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးကတည်းက မြန်မာ့နိုင်ငံရေးခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကျဉ်ထားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအပေါ် အာဆီယံ၏ ရပ်တည်ချက် အချို့ပြောင်းလဲမှု ရှိလာကြောင်း စီဟာဆက်က ဖော်ပြခဲ့ပြီး၊ မကြာသေးမီက မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များကို ထောက်ပြခဲ့သည်။
အထက်ပါ အချက်များအပြင် စီဟာဆက်က နိုဝင်ဘာ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ “မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို အရမ်းအနှစ်သာရရှိပြီး အကျယ်တဝင့်နဲ့ အလွန်နက်နက်ရှိုင်းရှိုင်း ဆွေးနွေးကြရမှာ ဖြစ်လို့ ကောင်းပါတယ်” ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
Ref: Nation Thailand
