


၂၃.၁၀.၂၀၂၆.
Translated by Htwe Ko Tun
ဂျော်ဒန်နိုင်ငံရှိ ဂရိ အော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် အောက်တိုဘာ ၂၃ ရက်က ဈာပန အခမ်းအနားတစ်ခု ကျင်းပနေစဉ် လက်နက်ကိုင်များက ပစ်ခတ်မှုပြုလုပ်ခဲ့ရာ လူ ခုနစ်ဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဈာပနအခမ်းအနား စတင်ပြီး ၁၅ မိနစ်ခန့်အကြာတွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုသည် မြို့တော် အမ္မန်၏ တောင်ဘက် ၁၈၀ ကီလိုမီတာခန့်အကွာရှိ ကာရက်မြို့တွင် တည်ရှိသော ဂရိအော်သိုဒေါ့စ် ဘုရားကျောင်းတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂျော်ဒန်နိုင်ငံပိုင် ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသခဲ့သည့် ရုပ်သံမှတ်တမ်း၌ သေနတ်တိုများ ကိုင်ဆောင်ထားပုံရသည့် လက်နက်ကိုင်နှစ်ဦးက ဘုရားကျောင်းဆီသို့ ချဉ်းကပ်လာပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထို့နောက် ရိုင်ဖယ်သေနတ်ကိုင်ဆောင်ထားပုံရသည့် တတိယမြောက် သေနတ်သမား ရောက်ရှိလာပြီး ပစ်ခတ်မှုပြုလုပ်ခဲ့ကာ ၎င်းတို့သုံးဦးစလုံး ဘုရားကျောင်းဘက်သို့ ပြေးသွားခဲ့ကြသည်။
မျက်မြင်သက်သေများ ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများတွင် ဘုရားကျောင်းကြမ်းပြင်၌ ကွဲအက် နေသော ဖန်စများ၊ သွေးကွက်များ ရှိနေသည်ကို တွေ့ရသည်။
လက်နက်ကိုင်များကို ဖမ်းဆီးရမိခြင်း သို့မဟုတ် သေဆုံးခြင်း ရှိ၊ မရှိ မရှင်းလင်းသေးပေ။
ဂျော်ဒန်နိုင်ငံ ကျန်းမာရေးဝန်ကြီး အီ-ဘရာဟင် အယ်လ်-ဘူဒို က ဒဏ်ရာရသူများအနက် နှစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ II က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြရာ၌ ဂျော်ဒန်နိုင်ငံအနေဖြင့် “ကာရက်မြို့ကို ပစ်မှတ်ထားသည့် ဤအကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံးသော ပြစ်ဒဏ်များဖြင့် တုံ့ပြန်သွားမည်” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ကျဆုံးသွားသူများ၏ မိသားစုဝင်များထံသို့ လေးနက်စွာ ဝမ်းနည်းကြောင်း ပေးပို့အပ်သလို၊ ဒဏ်ရာရရှိသူများလည်း အမြန်ဆုံး ပြန်လည်သက်သာကောင်း မွန်လာစေရန် ဆုမွန်ကောင်း တောင်းပေးပါသည်” ဟု ဖော်ပြထားသည်။
ဂျော်ဒန်ဝန်ကြီးချုပ် ဂျာဖာ ဟတ်ဆန် က အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက ကာရက် မြို့တွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခု၌ ပြောကြားရာတွင် ဤတိုက်ခိုက်မှုသည် အကြမ်းဖက်ဝါဒနှင့် မျက်စိစုံမှိတ် အစွန်းရောက်ဝါဒတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက တိုက်ခိုက်ကျူးလွန်သူများကို အပြစ်ပေးအရေးယူသွားမည်ဖြစ်ပြီး အစွန်းရောက်ဝါဒကို သွတ်သွင်းရန် ကြိုးပမ်းသူများအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
လက်ဘနွန်၊ ဆီးရီးယား၊ အီဂျစ်နှင့် အိုမန်နိုင်ငံတို့ အပါအဝင် ဒေသတွင်း နိုင်ငံများက ဤလူသတ်မှုများကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။
Ref: CBC
