




၂၅.၁၀.၂၀၂၆
Written by Thiri
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း (၁၉) မိုင်မှာ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက YUTONG အမျိုးအစား Express ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး မျက်နှာချင်းဆိုင်က လာတဲ့ AD Van ယာဉ်နဲ့ တိုက်မိကာ ပေ ၅၀ အနက်ရှိ လမ်းဘေးချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က အောက်တိုဘာ ၂၄ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်မှာ ပြင်ဦးလွင်မှ မန္တလေးကို မောင်းနှင်လာတဲ့ Express ယာဉ် ဘရိတ်ပေါက်ကာ မန္တလေးမှ ပြင်ဦးလွင်ကို မောင်းနှင်လာတဲ့ NISSAN WINGROAD AD VAN (ခဲရောင်) ယာဉ်နဲ့မျက်နှာချင်းဆိုင် တိုက်မိပြီး လမ်းဘေးချောက်အတွင်း ထိုးကျသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်သတင်းရရှိတာနဲ့ တစ်ပြိုင်နက် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရတနာပုံနယ်မြေ မီးသတ်စခန်းတို့မှ ကယ်ဆယ်ရေးအဖွဲ့တွေအပါအဝင် မီးငြှိမ်းသတ်ယာဉ်တွေနဲ့ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်း သွားရောက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် NISSAN WINGROAD AD VAN ယာဉ်မောင်း အမျိုးသား ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို၊ Express ယာဉ်ပေါ်ပါ ၂၉ ဦးအနက် ၅ ဦး (စုစုပေါင်း ၆ ဦး) သေဆုံးခဲ့တာဖြစ်ပါတယ်။ Express ယာဉ်ပေါ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးနဲ့ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Express ယာဉ်ပေါ်ပါ ၁၂ ဦးမှာလည်း ပျောက်ဆုံးနေတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့ တွေက ဆက်လက် စုံစမ်းရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။
