
သက်တံ့
၂၆. ၁၀. ၂၀၂၆
၂၀၂၆ ခုနှစ်၏ ပထမ ၉ လအတွင်း ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆၉ ဘီလီယံ (ထိုင်းဘတ်ငွေ ၁ ဒသမ ၄ ထရီလီယံခန့်) အထိ စံချိန်တင် ကုန်သွယ်မှုလိုငွေ မြင့်တက်ခဲ့ကြောင်းနှင့် ပ စက်တင်ဘာလသည် ၁၂ လဆက်တိုက် ကုန်သွယ်ရေးလိုငွေ ပြခဲ့သည့်လဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးဟောင်း Worawong Ramangkul က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၀၄ ဒသမ ၅၉ ဘီလီယံအထိ ရှိခဲ့သော်လည်း သွင်းကုန်မှာမူ အမေရိကန်ဒေါ်လာ ၃၄၈ ဒသမ ၂၈ ဘီလီယံအထိ မြင့်တက်လာခဲ့သဖြင့် လိုငွေ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆၉ ဘီလီယံအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
“ပို့ကုန် တင်ပို့မှု ကောင်းမွန်နေသည့်တိုင် ကုန်သွယ်ရေး လိုငွေပြမှု ပိုမိုကြီးမားလာခြင်းမှာ အစိုးရက ထိရောက်စွာ မဖြေရှင်းနိုင်သေးသည့် စီးပွားရေး အဆောက်အအုံဆိုင်ရာ မူလပြဿနာကြောင့်ဖြစ်ကြောင်းလည်း Worawong က သုံးသပ်ခဲ့သည်။”
၎င်းက အစိုးရအနေဖြင့် အမေရိကန်နှင့် ပြုလုပ်နေသည့် ကုန်သွယ်ရေးအခွန်နှုန်းထား ဆွေးနွေးပွဲများကို အပြီးသတ်ရန်နှင့် ဥရောပသမဂ္ဂ (EU) နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) ရရှိရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ထိုင်း-UAE FTA သဘောတူညီချက်ကြောင့် ရေနံဓာတု ထုတ်ကုန်များ ပိုမိုတင်သွင်းလာရပါက ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် ရရှိမည့် အကျိုးအမြတ်ထက် လိုငွေပြမှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေးလိုငွေပြမှုသည် စီးပွားရေးကြီးထွားမှုကို ထိခိုက်စေလျက်ရှိကြောင်း Worawong က ပြောကြားခဲ့ပြီး၊ ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနိုင်မည်ဟု IMF က ခန့်မှန်းထားရာ ယင်းမှာ ၇ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားသည့် ဗီယက်နမ်အပါအဝင် ဒေသတွင်း အခြားစီးပွားရေးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ပါးနေကြောင်းလည်း ထောက်ပြခဲ့သည်။
Ref: Khaosod
