


၂၆.၁၀.၂၀၂၆.
Translated by Htwe Ko Tun
မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်ရှိ နှစ်ထပ်တိုက်နေအိမ်တစ်လုံးပေါ်သို့ အောက်တိုဘာလ ၂၅ ရက်က မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပီနန်ပြည်နယ်၏ ပါယု တီရူဘွန် ဒေသ၊ တာမန် ဆီရီ ရမ်ဘေးခရိုင်ရှိ နှစ်ထပ်အိမ်တစ်လုံးပေါ်သို့ နံနက် ၈ နာရီ ၃၆ မိနစ်အချိန်တွင် မြေပြိုကျမှုဖြစ်ပွားပြီးနောက် အရေးပေါ်အကူအညီတောင်းခံမှုအရ ပီနန် မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြေပြိုကျမှုအတွင်း လူ သုံးဦး ပိတ်မိခဲ့ရာ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာမူ အပျက်အစီးများအောက်တွင် ပိတ်မိ ကျန်ရစ်ခဲ့သည်။
နောက်ပိုင်းတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ၎င်းသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့သည်။
တောင်စောင်းတွင် ပြုလုပ်နေသော ဆောက်လုပ်ရေးစီမံကိန်းတစ်ခုမှ ရေပိုက်ပေါက်ယိုစိမ့်မှုကြောင့် မြေပြိုကျရခြင်းဖြစ်နိုင်ကြောင်း ကနဦးစစ်ဆေးတွေ့ရှိချက်များအရ သိရသည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
မြေပြိုကျမှုဖြစ်ပွားသည့်နေရာအနီးရှိ တောင်စောင်းပေါ်မှ ကွန်ဒိုမီနီယံ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လုပ်ငန်းရပ်ဆိုင်းရန် ပီနန်ကျွန်းမြို့တော်ကောင်စီကညွှန်ကြားခဲ့သည်။ ဤသို့ရပ်ဆိုင်းခိုင်းခြင်းမှာ ဖြစ်စဉ် နှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက်ဖြစ်ကြောင်း မြို့တော်ဝန် အေ ရာဂျန်ဒရန်က ပြောကြားခဲ့သည်။
“လမ်းဖောက်လုပ်ရေးနဲ့ ကွန်ဒိုမီနီယံ ဆောက်လုပ်ရေး စီမံကိန်းတွေက တစ်နှစ်ကျော်ကြာ ဆောင်ရွက်နေတာဖြစ်ပြီး၊ အဲဒီဧရိယာမှာ တောင်စောင်းကြံ့ခိုင်မှုဖြစ်စေဖို့ လုပ်ငန်းတွေလည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းက Bernama သတင်းဌာနသို့ ပြောကြားခဲ့သည်။
သို့သော် မြေပြိုကျမှုဖြစ်ပွားချိန်တွင် တောင်စောင်းကြံ့ခိုင်ရေးလုပ်ငန်းများမှာ အချို့နေရာများ၌ ပြီးစီးခြင်းမရှိသေးကြောင်း ပီနန် ပြည်နယ် အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ အမှုဆောင်ကောင်စီဝင် ဇေရီ ခါး ဂျိုဟာလီ က ပြောကြားခဲ့သည်။
“ကံမကောင်းစွာနဲ့ပဲ၊ လုပ်ငန်းမပြီးစီးသေးတဲ့ နေရာမှာပဲ မြေပြိုကျမှု ဖြစ်ပွားခဲ့တာပါ” ဟု ၎င်းက Bernama သတင်းဌာနသို့ ပြောကြားခဲ့ပြီး၊ လက်ရှိတွင် ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်။
ရာသီဥတုသာယာခြောက်သွေ့နေသော်လည်း မြေပြိုကျသည့်နေရာတွင် မြေသားရွေ့လျားမှုများကို ဆက်လက်တွေ့ရှိနေရဆဲဖြစ်ကြောင်း အရှေ့မြောက်ခရိုင်အရာရှိ အစ္စပာ ဆူဟေမီ ရှာရစ်ဖ် က ပြောကြားသည်။
မြေသားများ ထပ်မံရွေ့လျားလာပါက လုပ်ငန်းခွင်အတွင်းရှိ ကြီးမားသော ဝန်ချီစက်နှင့် ကွန်ကရစ်တုံး ကြီးများ ပြိုကျလာနိုင်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့အပြင် မိုးဒဏ်မှကာကွယ်ရန်အတွက် ပေါ်နေသည့် တောင်စောင်းမျက်နှာပြင်ကို ပလတ်စတစ် အဖုံးများဖြင့် ဖုံးအုပ်သွားမည်ဖြစ်ပြီး၊ အဆိုပါဧရိယာရှိ နေအိမ် ၆ လုံးကိုပြောင်းရွှေ့ပေးခဲ့ကြောင်းလည်း သိရသည်။
Ref: CNA
