

သက်တံ့
၂၅. ၁၀. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ တောင်ဘက်ရှိ လေတပ်စခန်း တစ်ခု၌ လေ့ကျင့်ပျံသန်းစဉ် ဖိလစ်ပိုင် လေတပ် လေ့ကျင့်ရေး လေယာဉ် နှစ်စီး ပျက်ကျခဲ့မှုကြောင့် လေသူရဲ ၄ ဦး သေဆုံးသွားခဲ့ကြောင်း တပ်မတော်က စနေနေ့ (အောက်တိုဘာ ၂၄) တွင် ပြောကြားခဲ့သည်။
သောကြာနေ့က ဖြစ်ပွားခဲ့သော အဆိုပါ လေကြောင်း မတော်တဆမှုတွင် ဘာတန်းဂတ်စ် ပြည်နယ်ရှိ ဖာနန်ဒို လေတပ်စခန်း၌ လေ့ကျင့်ပျံသန်းနေသည့် အီတလီနိုင်ငံထုတ် SF-260 လေယာဉ် နှစ်စီး ထိခိုက်ပါဝင်ခဲ့ကြောင်း ဖိလစ်ပိုင် လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သောကြာနေ့ မွန်းလွဲ ၃ နာရီ ၅၁ မိနစ်အချိန်က လေ့ကျင့်ပျံသန်းနေကြသည့် လေယာဥ်များထဲမှ အဆိုပါ လေယာဉ် နှစ်စီးမှာ ဝေဟင်၌ ချိတ်မိ၊ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာများနှင့် ရုပ်သံများက သတင်းထုတ်ပြန်ထားသည်။
လေယာဉ်များမှာ လေတပ်စခန်း ဝင်းအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး အခြား ထိခိုက်သေဆုံးသူ မရှိခဲ့ပေ။
မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဖိလစ်ပိုင် လေတပ်သည် ၎င်းတို့၏ SF-260 လေ့ကျင့်ရေး လေယာဉ် အုပ်စုတစ်ခုလုံး ပျံသန်းမှုကို ယာယီ ရပ်ဆိုင်းထားသည်။
ဖိလစ်ပိုင် လေတပ်အနေဖြင့် ကျဆုံးသွားသော လေသူရဲများ၏ တာဝန်ထမ်းဆောင်မှုနှင့် ပေးဆပ်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရန် ကျန်ရစ်သူ မိသားစုများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပြီး မိသားစုများ၏ တောင်းဆိုချက်အရ ယခုကဲ့သို့ ခက်ခဲသော အချိန်ကာလအတွင်း ၎င်းတို့၏ သီးသန့်လွတ်လပ်ခွင့် (Privacy) ကို လေးစားလိုက်နာပေးကြပါရန် အများပြည်သူသို့ လေးစားစွာ မေတ္တာရပ်ခံထားသည်။
လွန်ခဲ့သော မေလကလည်း ဖိလစ်ပိုင် မြောက်ပိုင်းရှိ တောင်တန်းဒေသတစ်ခုတွင် SF-260 လေ့ကျင့်ရေး လေယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လေသူရဲ နှစ်ဦး သေဆုံးခဲ့ရပြီး၊ ၂၀၂၃ ခုနှစ် လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း အခြား SF-260 TP Marchetti လေယာဉ်တစ်စီး ပျက်ကျခဲ့စဉ်ကလည်း လေသူရဲ နှစ်ဦး သေဆုံးခဲ့ရသည်။
၂၀၁၇ ခုနှစ်က အိုင်အက်စ် (IS) သစ္စာခံ အစွန်းရောက်များ တောင်ပိုင်း မာရာဝီ (Marawi) မြို့ကို သိမ်းပိုက်ခဲ့စဉ်က တပ်မတော်သည် အဆိုပါ SF-260 လေယာဉ်များကို လပေါင်းများစွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။
