



သက်တံ့
၂၆. ၁၀. ၂၀၂၆
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များနှင့် လက်နက်ကြီးကျည်များ ကျရောက်မှုကို ဖြေရှင်းဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် နယ်စပ်ဒေသခံပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် နရဲစွမ် တပ်ဖွဲ့ (Naresuan Force) က လုပ်ငန်းစဉ် ၄ ချက်ကို အထူးရေးဆွဲ ထုတ်ပြန်လိုက်သည်။
နရဲစွမ်တပ်ဖွဲ့လက်အောက်ရှိ ရာဇမနူ စစ်ဆင်ရေးတပ်ဖွဲ့ (Rajamanu Task Force) က တနင်္လာနေ့တွင် ပြောကြားရာ၌ အဆိုပါ လုပ်ငန်းစဉ်များမှာ စစ်ရေးနှင့် နယ်စပ်ကာကွယ်ရေး၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ အရပ်သားများ ကာကွယ်ရေးနှင့် လျော်ကြေးပေးရေးတို့အပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့ ပါဝင်ကြောင်း သိရသည်။
စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအရ ထိုင်းစစ်တပ်သည် မိမိတို့၏ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာဘက်မှ ပစ်ခတ်လိုက်သော ကျည်ဆန်များ ထိုင်းပိုင်နက်အတွင်းသို့ ကျရောက်ပါက ပစ်ခတ်သည်ဟု သံသယရှိသော စခန်း သို့မဟုတ် ကျည်လာသည့် လားရာဘက်သို့ သတိပေးမီးခိုးကျည်များ စတင်ပစ်ခတ်မည်ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း သို့မဟုတ် ထိုင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးကြောင်း အထောက်အထားများ တွေ့ရှိပါက ပစ်ခတ်သည့်ဘက်မှ ရပ်တန့်သွားစေရန် ထိုင်းစစ်တပ်အနေဖြင့် ထိရောက်သော တုံ့ပြန်မှုများကို အချိုးအစားညီမျှစွာ ဆောင်ရွက်သွားမည်ဟု အဆိုပါ စစ်ဆင်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့ပြင် နရဲစွမ် တပ်ဖွဲ့သည် တပ်အင်အား ထပ်မံဖြည့်တင်းခြင်း၊ စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခြင်းနှင့် သောင်ရင်းမြစ်တစ်လျှောက် ရေကြောင်း/ကုန်းကြောင်း ကင်းလှည့်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ အခြေအနေများကို အနီးကပ် စောင့်ကြည့်စစ်ဆေးနိုင်ရန် ဒရုန်းများနှင့် လေယာဉ်များကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။
သံတမန်ရေးရာတွင်မူ ထိုင်းအာဏာပိုင်များသည် ဖြစ်စဉ်တစ်ခုဖြစ်ပွားပြီးသည်နှင့် မြန်မာ့တပ်မတော်ထံ ချက်ချင်းဆက်သွယ်ရန် မြို့နယ်နယ်စပ်ကော်မတီ (TBC) နှင့် ဒေသဆိုင်ရာ နယ်စပ်ကော်မတီ (RBC) လုပ်ငန်းစဉ်များကို အသုံးပြုမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ ပစ်ခတ်ခြင်းမပြုရန် သတိပေးခြင်းနှင့် ထိုသို့တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုင်းစစ်တပ်တို့သည် တရားဝင် ကန့်ကွက်လွှာပေးပို့ရန်နှင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအတွက် မြန်မာအစိုးရတွင် တာဝန်ရှိကြောင်း တောင်းဆိုရန် သံတမန်လမ်းကြောင်းများကို အသုံးပြုသွားမည်ဖြစ်သည်။ ထိုင်းအာဏာပိုင်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအာဏာပိုင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ဆက်တွဲရိုက်ခတ်မှုများကို ကြိုတင်ပြင်ဆင်နိုင်ရန် ပဋိပက္ခအခြေအနေကို ဆက်လက်သုံးသပ်နေမည်ဖြစ်သည်။
အရပ်သားများ ကာကွယ်စောင့်ရှောက်ရေးအတွက် တိုက်ပွဲများ ပြင်းထန်လာပါက ဒေသခံများကို ဘေးကင်းသောနေရာများရှိ ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးနိုင်ရန် ရွှေ့ပြောင်းရေးအစီအစဉ်များကို ပြင်ဆင်လေ့ကျင့်ထားမည်ဖြစ်သည်။ ထို့ပြင် မြစ်ဘေးရှိ အန္တရာယ်ရှိသော ဧရိယာများနှင့် နီးကပ်သည့် ရပ်ကွက်များ၊ ကျောင်းများနှင့် နေအိမ်များတွင် ဗုံးခိုကျင်းများ ဆောက်လုပ်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများကြောင့် နေအိမ်များ၊ ပိုင်ဆိုင်မှုများနှင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးရသည့် ထိုင်းဒေသခံများအတွက် အရေးပေါ်လျော်ကြေးငွေများ ပေးအပ်နိုင်မည့် လုပ်ငန်းစဉ်များကိုလည်း ထူထောင်သွားမည်ဟု အဆိုပါ တပ်ဖွဲ့က ပြောကြားခဲ့သည်။
စတုတ္ထမြောက် လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများနှင့် သက်ဆိုင်သည်။ ထိုင်းအာဏာပိုင်များသည် လူသားချင်းစာနာထောက်ထားမှု အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသူများအတွက် သတ်မှတ်ထားသော ဘေးကင်းရာနေရာများကို စီစဉ်ပေးမည်ဖြစ်ပြီး သတ်မှတ်နေရာများအတွင်းသာ သွားလာလှုပ်ရှားခွင့်ပြုကာ တရားမဝင်ပစ္စည်းများနှင့် လက်နက်များ ပါဝင်ခြင်း ရှိမရှိ စစ်ဆေးသွားမည်ဖြစ်သည်။
တိုက်ပွဲများ ပြီးဆုံး၍ အခြေအနေများ တည်ငြိမ်သွားပါက စစ်ဘေးရှောင် ပြည်သူများအား မြန်မာနိုင်ငံသို့ မိမိတို့သဘောဆန္ဒအတိုင်း ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် အာဏာပိုင်များက ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ် ၄ ချက်သည် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသော တိုက်ပွဲများ၏ ရိုက်ခတ်မှုကို လျှော့ချရန်၊ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒေသခံများ၏ ဘေးကင်းလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
Ref: Khaosod
