သက်တံ့
၂၇. ၁၀. ၂၀၂၆
ဘိုင်ယန်မြူးနစ်နှင့် အင်္ဂလန်အသင်း၏ တိုက်စစ်မှူး ဟယ်ရီကိန်း (Harry Kane) ဟာ တနင်္လာနေ့က သူ့ မွေးရပ်ဇာတိဖြစ်တဲ့ လန်ဒန်မြို့မှာ လာမိုင်း ယာမယ်လ် နဲ့ ကိုင်လီယန် အမ်ဘာပေ တို့ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ပြီး ၂၅ နှစ်အတွင်း အင်္ဂလန်ရဲ့ ပထမဆုံး Ballon d’Or ဆုရှင် ဖြစ်လာခဲ့ပါတယ်။
အမျိုးသမီးဆုကိုတော့ Alexia Putellas က တတိယအကြိမ်အဖြစ် ဆွတ်ခူးခဲ့ပြီး စပိန်ရဲ့ ကြီးစိုးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။။ သူမက London City Lionesses သို့ မပြောင်းရွှေ့မီ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့အတွက် ရရှိခဲ့တာပါ။
အင်္ဂလန်မြေပေါ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲဟာ လန်ဒန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် တစ်နာရီနီးပါး ကြန့်ကြာခဲ့ပြီး ထိပ်တန်းကစားသမား အများအပြား နောက်ကျမှ ရောက်ရှိလာခဲ့ကြပါတယ်။
ဒါပေမဲ့လည်း မွေးရပ်မြေရဲ့ ဟီးရိုးဖြစ်တဲ့ ကိန်းအတွက်တော့ သူ့ရဲ့ကစားသမားဘဝ ထိပ်တန်း အောင်မြင်မှုအဖြစ် အဆုံးသတ်ကောင်းခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့ နိုင်ငံအသင်းအတွက် ၆၅ ပွဲမှာ ၇၃ ဂိုးအထိ စံချိန်တင် သွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ဂျာမနီလိဂ်နဲ့ အမှတ်ပေးဖလား နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ တတိယနေရာ ရရှိစဉ်ကလည်း ၆ ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။
”မင်းတို့ (ဘိုင်ယန်မြူးနစ် အသင်းဖော်များ) နဲ့ အသင်းသားတွေ မပါရင် ဒီဆုကို ရနိုင်မှာ မဟုတ်ပါဘူး။ မင်းတို့ ပံ့ပိုးပေးမှု၊ ယှဉ်ပြိုင်မှုတွေကြောင့်ပါ။ ဒါကြောင့် အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်” လို့ ဆုကို လက်ခံရယူအပြီးမှာ ကိန်းက ပြောကြားခဲ့ပါတယ်။




ဆုဖလားကျိန်စာသင့်နေတယ်လို့ ပြောဆိုခံရသူ ကိန်းဟာ ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်သို့ ရောက်ရှိလာပြီးနောက်ပိုင်း ရရှိထားတဲ့ ဆုဖလားတွေက ဂျာမန်ပြည်တွင်း အောင်မြင်မှုများသာ ရှိပါသေးတယ်။ ၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်အသင်းနဲ့အတူ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ဖူးသလို၊ အင်္ဂလန်အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ် ဗိုလ်လုပွဲမှာလည်း နှစ်ကြိမ်တိုင်တိုင် ကံဆိုးစွာ ရှုံးနိမ့်ခဲ့ရဖူးပါတယ်။
ဒါပေမဲ့လည်း ကိန်းရဲ့ မယုံနိုင်စရာ ဂိုးသွင်းယူနိုင်မှုနဲ့ တည်ငြိမ်မှုကြောင့် ဘောလုံးလောကရဲ့ အမြင့်ဆုံး တစ်ဦးချင်းဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
”ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာက ကျွန်တော့်ကစားသမားဘဝရဲ့ ခြေလှမ်းကြီးတစ်ခုပါ။ အချို့က စွန့်စားမှုလို့ မြင်ကြပေမဲ့ ကျွန်တော့်အတွက်တော့ အသင်းဖော်တွေ၊ အသင်း၊ ကလပ်နဲ့အတူ ပိုကောင်းလာအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ ဒါက ကျွန်တော့်ကို နောက်ထပ် အဆင့်တစ်ခုဆီ တွန်းပို့ပေးခဲ့တာပါ။ ဘိုင်ယန်နဲ့ အင်္ဂလန်ရဲ့ နံပါတ် ၉ တစ်ယောက်အနေနဲ့ ဂိုးတွေ သွင်းဖို့ မျှော်လင့်ခံရပြီး၊ ပြီးခဲ့တဲ့နှစ်က အဲ့ဒီလို သွင်းယူနိုင်ခဲ့တဲ့အတွက် တကယ်ပဲ ဂုဏ်ယူပါတယ်” လို့ ကိန်းက AFP ကို ပြောကြားခဲ့ပါတယ်။
၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ဆုရရှိခဲ့တဲ့ Putellas ရဲ့ တတိယမြောက် Ballon d’Or ဆုဟာ လွန်ခဲ့တဲ့ ၄ နှစ်က အရွတ်ဒဏ်ရာ (ACL) ကြောင့် ကျဆင်းသွားခဲ့ရတဲ့ သူမအဖို့ အမျိုးသမီးဘောလုံးလောကရဲ့ထိပ်တန်းနေရာ ပြန်လည်ရောက်ရှိလာခြင်းကို ရောင်ပြန်ဟပ်နေပါတယ်။
Putellas ဟာ Ballon’d Or ဆွတ်ခူးအပြီးမှာ ACL ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရသလို လက်ရှိဆုကလည်း လွန်ခဲ့တဲ့ ၃ နှစ်ဆက်တိုက်ဆုရရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီရဲ့ အချိန်အတော်များများကို ခြေထောက်ကျိုးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ စပိန်အသင်းဖော် Aitana Bonmati ရဲ့ နေရာကို ဆက်ခံခဲ့တာဖြစ်သလို Ballon’d Or အမျိုးသမီးဆုမှာ စပိန်အသင်းတွေရဲ့ ကြီးစိုးမှုကို သက်သေထူနိုင်ခဲ့တာပါ။
”ဒဏ်ရာရပြီးကတည်းက စက္ကန့်တိုင်းကို နောက်ဆုံးအချိန်လိုမျိုး ပျော်ရွှင်အောင် ကြိုးစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် ဖြစ်လာဦးမလားဆိုတာ မသိနိုင်လို့ပါ။ ဒီဆုက ‘ငါ့ဆု’ လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ အရင်က ကြုံတွေ့ဖူးပြီးသားမို့လို့ ခုချိန်မှာ ပိုပြီး ပျော်ရွှင် ခံစားနိုင်တာပါ” လို့ Putellas က လွန်ခဲ့တဲ့လက AFP နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
◾ အခြားဆုများနှင့် ထူးခြားချက်များ
⚽ ယခုနှစ် Ballon d ‘Or ၏ အဆင့် လေး နေရာတွင် ရိုဒရီ၊ အဆင့်ငါး မက်ဆီ၊ အဆင့် ၈ ဟာလန်းနှင့် အဆင့် ၁၁ ဘယ်လင်ဟမ်၊ အဆင့် ၁၇ ဗင်နီစီးယက် စသူတို့က အစဥ်လိုက် ရပ်တည်နေသည်။
⚽ Lamine Yamal: Ballon d ‘Or တတိယဆုရှင်ဖြစ်သလို ဆန်ခါတင်များထဲတွင် ဝတ်စုံဒီဇိုင်း အဝတ်အစား အထူးခြားဆုံးဖြစ်ခဲ့ပြီး အနက်ရောင်ဝတ်စုံရှေ့တွင် ပန်းရောင်ပန်းပွင့် တပ်ဆင်ထားခဲ့သည်။
အသက် ၁၉ နှစ်အရွယ် ဘာစီလိုနာ တောင်ပံကစားသမားသည် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ၃ ကြိမ်ဆက်တိုက် ရရှိခဲ့သော်လည်း စပိန်၏ ကမ္ဘာ့ဖလားအောင်မြင်မှုအတွင်း အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့သည့်အတွက် အသက်အငယ်ဆုံး Ballon d ‘Or ဆုရှင် မဖြစ်လာခဲ့ပေ။
⚽ Kylian Mbappe: တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အယ်လ်ကလာစီကို (El Clasico) ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့ရာတွင် ဘာပေက ၂ ဂိုး သွင်းယူပေးခဲ့သည်။ သို့သော် ပြင်သစ်နှင့် ရီးရဲလ်တို့အတွက် ဂိုးများစွာ သွင်းယူပေးခဲ့သည့် တောက်ပသော နှစ်တစ်နှစ်ဖြစ်ခဲ့သော်လည်း Ballon d’Or ရရှိရန် ၎င်း၏ စောင့်ဆိုင်းမှုမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယခုနှစ်တွင်လည်း ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။
⚽ Luis de la Fuente: စပိန်အသင်းကို ကမ္ဘာ့ဖလားအောင်မြင်အောင် ဦးဆောင်ပေးခဲ့ပြီးနောက် PSG နည်းပြ Luis Enrique နှင့် အာဆင်နယ်နည်းပြ Mikel Arteta တို့ကို ကျော်လွန်ကာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားနည်းပြဆုကို ရရှိခဲ့သည်။
⚽ Pere Romeu: ဘာစီလိုနာအသင်း၏ နည်းပြ Pere Romeu က တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို ဆွတ်ခူးခဲ့သည်။
⚽ Bukayo Saka: အာဆင်နယ်အသင်း၏ တောင်ပံကစားသမား Saka သည် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် Socrates ဆုကို ရရှိခဲ့သည်။
⚽ PSG အသင်း: ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ဆက်တိုက် ရရှိခဲ့သော်လည်း ပြင်သစ်ကလပ် PSG သည် အဓိက တစ်ဦးချင်းဆုများကို လွဲချော်ခဲ့ရသည်။ သို့သော် တစ်နှစ်တာ အကောင်းဆုံး အမျိုးသားအသင်းဆုဖြင့် နှစ်သိမ့်မှု ရရှိခဲ့သည်။
⚽ Unai Simon & Cata Coll: စပိန်ဂိုးသမားနှစ်ဦးဖြစ်သည့် Unai Simon နှင့် Cata Coll တို့က အကောင်းဆုံး အမျိုးသားနှင့် အမျိုးသမီး ဂိုးသမားဆုများကို အသီးသီး ဆွတ်ခူးသွားခဲ့ကြသည်။
Ref: Bangkok Post
