
၂၇.၁၀.၂၀၂၆.
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံအတွင်း ကျောင်းသားများက စတင်ခဲ့သည့် ဆန္ဒပြပွဲများက စက်တင်ဘာလနှောင်းပိုင်းမှ စ၍ စတင်ခဲ့ရာမှ အောက်တိုဘာလအတွင်း ပိုမိုကျယ်ပြန့်လာခဲ့ကာ နိုင်ငံတစ်ဝန်းမြို့ကြီးများတွင် ဆန္ဒပြမှုများက အလုပ်သမားသမဂ္ဂများနှင့် အဝါရောင်အင်္ကျီဝတ် လှုပ်ရှားသူပါဝင်လာကြသည်အထိ ပျံ့နှံ့သွားခဲ့သည်။
အကြမ်းဖက်မှုများကြောင် မငြိမ်မသက်မှုများပါ ဖြစ်ပွားလာသည့် ဆန္ဒပြမှုများက စီးပွားရေးအပေါ် ထိခိုက်နစ်နာမှုများ ပိုမိုကြီးထွားလာနေကြောင်း လက်လီရောင်းချသူများ၊ စတိုးဆိုင်ပိုင်ရှင်များကပါ ပြောလာခဲ့ကြသည်။
အောက်တိုဘာလ ၂၆ ရက်တွင် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ အစိုးရဘက်မှ လိုက်လျောမှုများ ပြုလုပ်ခဲ့သော်လည်း ပြင်သစ်ကျောင်းသားခေါင်းဆောင်များက ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာလိုက်သည်။ ဤလှုပ်ရှားမှုသည် အလုပ်သမားသမဂ္ဂများနှင့် အခြားလှုပ်ရှားသူများထံသို့ ပျံ့နှံ့လာပြီး မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေကာ စီးပွားရေး ထိခိုက်နစ်နာမှုများကို ပိုမိုနက်ရှိုင်းစေသဖြင့် သမ္မတ အီမန်နျူရယ် မက်ခရွန်အပေါ် ဖိအားများ ဆက်လက်သက်ရောက်နေဆဲ ဖြစ်သည်။
အစိုးရ၏ အစီအမံများတွင် အထက်တန်းကျောင်း အတန်းတစ်တန်း၌ ကျောင်းသားဦးရေ ကန့်သတ် သတ်မှတ်ပေးခြင်း၊ ကျောင်းများ ပြုပြင်မွမ်းမံရန် ယူရို ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ) ချေးငွေထုတ်ပေးခြင်းနှင့် ကျောင်းသားများက လူမှုရေးအရ မမျှတဟု ရှုမြင်ထားသည့် တက္ကသိုလ်ဝင်ခွင့်စနစ်ကို ၂၀၂၈ ခုနှစ်တွင် အစားထိုးပြောင်းလဲပေးခြင်းတို့ ပါဝင်သည်။
သို့သော် အထက်တန်းကျောင်းသား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လူးဝစ် လီတိုဘလုံက”ကျွန်တော်တို့ တောင်းဆိုချက်တွေ အားလုံး မပြည့်မီပါဘူး။ လိုအပ်သရွေ့ ကာလပတ်လုံး ဆက်လက် ဆန္ဒပြသွားမှာပါ” ဟု ပဲရစ်မြို့တွင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍမှ စတင်ခဲ့သော ဤဆန္ဒပြပွဲများက ယခုအခါ အလုပ်သမားသမဂ္ဂများနှင့် ထင်ရှားသော အဝါရောင်အင်္ကျီများကို ဝတ်ဆင်လှုပ်ရှားသူများအထိ ကျယ်ပြန့်လာခဲ့ကာ၊ အမတ်နေရာ အများစုသာ ပိုင်ဆိုင်သော သမ္မတ မက်ခရွန်၏ အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။
နိုင်ငံ၏ အများပြည်သူဆိုင်ရာ ကြွေးမြီပမာဏမှာ ဂျီဒီပီ၏ ၁၂၀ ရာခိုင်နှုန်းနီးပါး ရှိနေသဖြင့် အစိုးရအနေဖြင့် ငွေကြေးသုံးစွဲမှုများ ပြုလုပ်၍ မငြိမ်မသက်မှုများကို ဖြေရှင်းရန် အခွင့်အလမ်း အလွန်နည်းပါးနေသည်။
ကျောင်းသားများ၏ မကျေနပ်မှုကြောင့် စတင်ခဲ့သည့် ဆန္ဒပြပွဲများသည် ၉ ရက်အကြာတွင် မြို့ပေါင်းများစွာ၌ အကြမ်းဖက်မှုများ ဖြစ်ပွားလာခဲ့ပြီး၊ အစိုးရအနေဖြင့် လမ်းမများပေါ်ရှိ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပြီလားဟူသော စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ယခုအချိန်အထိလည်း အဆိုပါ ဆန္ဒပြပွဲများ ရပ်တန့်သွားမည့် အရိပ်အယောင် မတွေ့ရသေးပေ။
နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံလုံးဆိုင်ရာ ကြီးမားသော ဆန္ဒပြပွဲများ မတိုင်မီ၊ ယခုလာမည့် သီတင်းပတ်ကုန်တွင်လည်း မငြိမ်မသက်မှုများ ထပ်မံဖြစ်ပွားနိုင်ခြေရှိကြောင်း သမ္မတ မက်ခရွန်က ဝန်ခံပြောကြားခဲ့သည်။
လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းအစားဆုံး ဖြစ်နေသည့် ကိုယ်စားလှယ် လောင်း အစွန်းရောက်လက်ယာယိမ်းခေါင်းဆောင် လီပန်က ဤမငြိမ်မသက်မှုများနှင့် အာဏာပိုင်များ အနေဖြင့် ငြိမ်သက်အေးချမ်းမှုကို ထိန်းသိမ်းရန် ရုန်းကန်နေရသည်ဟူသော အမြင်များမှတစ်ဆင့် အကျိုးအမြတ် ရရှိနေသည်။
အောက်တိုဘာလ ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် လူထုသဘောထား စစ်တမ်းတစ်ခုအရ သူမသည် ထောက်ခံမှု ၃၂ ရာခိုင်နှုန်း မှ ၃၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ထောက်ခံမှု ရရှိထားပြီး၊ သူမ၏ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်သည့် ထောက်ခံမှု ၁၇ ရာခိုင်နှုန်းရရှိထားသည့် သဘောထားတင်းမာသည့် လက်ဝဲခေါင်းဆောင် ဂျင်းလပ် မီလန်ချွန်ထက် များစွာ သာလွန်နေသည်။
Ref: Reuters
