နေမိုး
၂၇. ၁၀. ၂၀၂၆
နေအိမ်တွင်ရှိနေသည့်လက်နက်မဲ့အမျိုးသားတစ်ဦးကို ပဲခူး PDF ခြောက်ဦးက ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသွားပြီး ဆည်ပေါင်ပေါ် ဓားဖြင့်ဝိုင်းဝန်းခုတ်သတ်လိုက်မှု သာယာဝတီမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရွှေလောင်းကန်ကျေးရွာနေ ဦးကျော်မင်း(၃၆)နှစ်သည် ၎၏ နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးခန့် ရောက်ရှိလာပြီး ဒလန် ဟု ပြောဆိုကာ ကျေးရွာရှိ ဆည်မြောင်းပေါင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်မင်းတွင် ယာဘက်လက်ပြတ်တောက်မှုအပါအဝင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးတာဝန်ရှိသူများနှင့် လက်နက်မဲ့ပြည်သူများကို NUG ဩဇာခံ PDF များက သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းတစ်တိုင်းဖြစ်သော်လည်း ဖမ်းဆီးရမိမှုနည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
