မင်းသက်
၂၈. ၁၀. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ Apple Inc. ရဲ့ နည်းပညာပံ့ပိုးမှု ခေါ်ဆိုရေးစင်တာ (Call Center) အဖြစ် ဟန်ဆောင်ပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူတွေကို အဓိကပစ်မှတ်ထား လိမ်လည်နေတဲ့ တယ်လီကွန်းလိမ်လည်မှု လုပ်ငန်းတစ်ခုကို ဖြိုခွင်းနိုင်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ချက်အရ အဲဒီလိမ်လည်မှုလုပ်ငန်းအနေနဲ့ အနောက်ဒေလီရှိ စက်မှုဇုန်တစ်ခုမှာ အခြေစိုက်ထားတာဖြစ်ပြီး ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
စီးနင်းရာမှာ ခေါင်းဆောင်ဖြစ်သူ အပါအဝင် လူ ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Hindustan Times သတင်းစာနဲ့ အိန္ဒိယ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သံသယရှိသူတွေဟာ အနောက်တိုင်းအမည်ပွားတွေကို အသုံးပြုပြီး Apple ဝန်ထမ်းတွေအဖြစ် ဟန်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လိမ်လည်သူတွေက အမေရိကန်မှာ ရှိတဲ့ သားကောင်တွေကို ဖုန်းခေါ်ဆိုပြီး “ခင်ဗျားတို့ရဲ့ စက် ပစ္စည်းတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်၊ ဒါမှမဟုတ် တရားမဝင် အကြောင်းအရာတွေ ပါဝင်နေတယ်” လို့ မဟုတ်မမှန် ပြောဆို ခြောက်လှန့်ခဲ့ကြပြီးတဲ့ နောက် “နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့” ဆိုပြီးတော့ Gift Cards (လက်ဆောင်ကတ်) တွေ ဝယ်ယူခိုင်းတာ၊ လိမ်လည်သူတွေနဲ့ ကြံရာပါတွေ ဆီကို ကုဒ်နံပါတ်တွေ လွှဲပြောင်းပေးဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
လိမ်လည်သူတွေက သားကောင်တွေကို ရင်းနှီးမှုရယူဖို့ နဲ့ စိတ်ပူပန်အောင် လှည့်ဖြားပြောဆိုတတ်တဲ့ စကားစုတွေ အသုံးပြု စီမံတယ်လို့ သိရပါတယ်။
ဆိုက်ဘာလိမ်လည်သူတွေက သူတို့ရဲ့ သားကောင်ဖြစ်သူတွေ ယုံကြည်လာစေဖို့ ရင်းနှီးမှုရယူဖို့ နဲ့ လူမှုစီးပွားဘဝ အခြေအနေတွေကို စူးစမ်းဖို့ အတွက် ပရိယာယ်ဆင်မေးမြန်းပြောဆိုလေ့ရှိတဲ့ အကြောင်း အရာတွေကတော့
“ခရီးသွားရတာ ဝါသနာပါလား ခင်ဗျာ/ရှင်။ ဘယ်နေရာတွေကို ရောက်ဖူးလဲ။ ကျွန်တော်/ကျွန်မ နောက်လာမယ့် နှစ်လမှာ ခွင့်ရက်အရှည်ကြီး ရှိတယ်။ အဓိပ္ပာယ်ရှိတဲ့ နေရာတစ်ခုခုကို ခရီးထွက်ချင်လို့ပါ။” ၊ “ဘယ်နိုင်ငံကို အကြိုက်ဆုံးလဲခင်ဗျာ/ရှင်။”၊ “ဘယ်နိုင်ငံက အစားအစာတွေကို ကြိုက်လဲခင်ဗျာ/ရှင်။”၊ “ခွေးမွေးထားလားခင်ဗျာ/ရှင်။”၊ “ဘယ်လိုအားကစားမျိုးတွေကို သဘောကျလဲ ခင်ဗျာ/ရှင်။”၊ “ဘယ်လိုသီချင်းမျိုးတွေကို ကြိုက်တတ်လဲ ခင်ဗျာ/ရှင်။” ၊ “ရေငုပ်တတ်လားခင်ဗျာ/ရှင်။” ၊ “စကီး (Ski) စီးတာမျိုးကော စမ်းဖူးလားခင်ဗျာ/ရှင်။”၊ “မြင်းစီးရတာ ဝါသနာပါလားခင် ဗျာ/ ရှင်။””နောက်ဆုံးအချစ်ရေးက ဘယ်တုန်းကလဲခင်ဗျာ/ရှင်။”၊ “အခြေအနေကကော ဘယ်လိုရှိလဲ။” စသဖြင့် ရှိတယ်လို့ သိရပါတယ်။
လိမ်လည်သူတွေက သားကောင်တွေကို ပြောဆိုတဲ့အခါ အောင်မြင်သူ၊ အလုပ်များသူ သို့မဟုတ် စိတ်ထားကောင်းသူအဖြစ် သူတို့ကိုယ် သူတို့ ပုံဖော်ပြောတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေ ကတော့ “ဒီနေ့ ကျွန်တော်/ကျွန်မ ကားအရောင်ပြောင်းလိုက်တယ်။” ၊”စိုက်ထားတဲ့ ပန်းလေးတွေ ပွင့်နေပြီ။ ရေလောင်းနေတာ။” ၊ “ယောဂ (Yoga) မလုပ်ဖြစ်တာ ကြာပြီ။ ခဏနေရင် ယောဂသွားဆော့မလို့။ အခု စလုပ်တော့မလို့နော်။ နောက်မှ ပြန်ပြောကြတာပေါ့။” ၊ “ဒီနေ့ ငါးလေးတွေဝယ်ပြီး ငါးကန်ထဲ ထည့်လိုက်တယ်။ သူတို့လေးတွေ ကူးခတ်နေတာကို ကြည့်ပြီး စိတ်ချမ်းသာရတယ်။” ၊ “ဒီနေ့ ကယ်လိုရီများတဲ့ အစားအစာတွေ စားမိလို့ အခု ကိုယ်လက်လှုပ်ရှားမှု (Workout) စလုပ်တော့မလို့။ အစာခြေဖျက်ဖို့ လိုနေလို့ပါ။ နောက်မှ ပြန်ပြောကြရအောင်။” ၊ “ခဏနေရင် တင်းနစ်နည်းပြနဲ့ တင်းနစ်သွားဆော့မလို့။ ခဏနေမှ လေ့ကျင့်ကြတာပေါ့။” ၊ “ဒီနေ့ အလုပ်ပိတ်ရက်မို့ ပင်ပန်းခဲ့သမျှ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ ပစ္စည်းတွေအများကြီး ဝယ်လိုက်တယ်။” စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသယောင် လုပ်ကြံပြောဆိုတာတွေကတော့
“ဒီနေ့တော့ စာရင်းတွေ စစ်ဆေးရမယ်။ မကြာသေးခင်က ဥရောပနဲ့ အရှေ့တောင်အာရှဘက်ကို ပို့လိုက်တဲ့ ကုန်ပစ္စည်းတွေကို လက်အောက်ငယ်သားတွေက ကမောက်ကမ လုပ်ထားလို့။ ဒီနေ့တော့ ကိုယ်တိုင်ပဲ ကြီးကြပ်ကွပ်ကဲရတော့မယ်။”
“ဒီနေ့ စက်ရုံကို သွားကြည့်ခဲ့တယ်။ ရာသီဥတုက အရမ်းပူတာပဲ။ အဲဒါကြောင့် ဝန်ထမ်းတွေ သက်သာရာရအောင် အပူငြိမ်းစေမယ့် အအေးတွေ ကားတစ်စီးအပြည့် မှာပြီး ဝေခိုင်းလိုက်ရတယ်။” ဆိုတာမျိုးတွေဖြစ်သလို
ကရုဏာသက်ဖွယ် ဇာတ်လမ်းတွေနဲ့ စာနာမှုရယူခြင်းနဲ့ စိတ်အာရုံလွှဲခြင်း စကားတွေအဖြစ်လည်း
“ကလေးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်နေတာ။ သူတို့လေးတွေ အဆင်ပြေရဲ့လား မသိဘူး။ ပြီးခဲ့တဲ့နှစ်က တောင်ပေါ်ဒေသက သူတို့ဆီ သွားလည်ခဲ့တာ အခုဆို တစ်နှစ် တင်းတင်းပြည့်သွားပြီ။ သူတို့ပုံလေးတွေ ပြမယ်နော်။ မျက်နှာလေးတွေမှာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့။ အလုပ်တွေ မအားလပ်တာလေး ပြီးသွားရင် သူတို့ဆီ တစ်ခေါက်ပြန်သွားလည်ဦးမယ်။”
“ဒီနေ့တော့ တကယ့်ကို ကံမကောင်းတဲ့ အဖြစ်အပျက်တစ်ခု ကြုံခဲ့ရတယ်။ အိမ်ကအထွက်မှာ ကားခြစ်မိသွားတယ်။ လမ်းပေါ်ကို ခွေးတစ်ကောင် ပြေးထွက်လာလို့၊ အဲဒါကို မတိုက်မိအောင် ရှောင်ရင်း သုံးဘီးဆိုင်ကယ်တစ်စီးကို တိုက်မိသွားတာ။ တော်သေးတာက ခွေးကော၊ ကျွန်တော်/ကျွန်မကော၊ သုံးဘီးသမားကော အားလုံး ဘေးအန္တရာယ်ကင်းကင်း ဆံခြည်တစ်မျှင်မစွန်းဘဲ လွတ်သွားလို့။” စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒေလီအခြေစိုက် Call Center တစ်ခုကို အိန္ဒိယရဲတပ်ဖွဲ့ ဖြိုခွင်းနိုင်ခဲ့တဲ့ အခါ လိမ်လည်မှုမှာ အသုံးပြုတဲ့ သက်သေခံပစ္စည်းအမြောက်အများ ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ Audi A3 ဇိမ်ခံကားတစ်စီး၊ လက်ပ်တော့ ၅ လုံး၊ မိုဘိုင်းဖုန်း ၁၂ လုံး၊ ခရက်ဒစ် (ဒက်ဘစ်ကတ်) ၁၀ ကတ်၊ ချက်လက်မှတ်စာအုပ် ၅ အုပ်၊ Router ၂ ခု နဲ့ နားကြပ် ၆ ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိတဲ့ လက်ပ်တော့တွေပေါ်မှာ သားကောင်တွေရဲ့ ကွန်ပျူတာကို လှမ်းယူထိန်းချုပ်နိုင်တဲ့ အဝေးထိန်းစနစ်သုံး ဆော့ဖ်ဝဲလ်တွေ၊ အင်တာနက်အခြေပြု ဖုန်းခေါ်ဆိုမှုကိရိယာတွေ၊ အမေရိကန် ဖုန်းနံပါတ်တွေ ပါဝင်တဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့က အဲဒီ လက်ဆောင်ကတ် အရောင်းအဝယ်တွေ နဲ့ ငွေကြေးစီးဆင်းမှု လမ်းကြောင်းတွေကို ဆက်လက်ခြေရာခံနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ အမှုရဲ့ သားကောင်ဖြစ်ရသူ အရေအတွက်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ငွေပမာဏကိုတော့ ထုတ်ဖော်ကြေညာတာ မရှိသေးပါဘူး။
မကြာသေးတဲ့ နှစ်တွေအတွင်းမှာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကြောင့် ငွေပမာဏ အမေရိ ကန်ဒေါ်လာ သန်း ၁၀၀ ခန့်အထိ ဆုံးရှုံးမှု ရှိလာတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။
Ref-• Newsweek , The Times of India & WION News
