၂၈.၁၀.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံတက္ကသိုလ်မှ ကျောင်းသားများက မြို့တော်ဂျကာတာရှိ နေရာအများအပြားတွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားမှုကြောင့် ဂျကာတာမြို့လယ်ရှိ လူစည်ကားရာနေရာများ၌ အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်အင်အား အများအပြား ချထားသည်ကို တွေ့မြင်ရပြီး သံချပ်ကာယာဉ်များလည်း နေရာယူထားကြောင်း တွေ့ရှိရသည်။
သမ္မတပရာဘိုဝို ဆူဘီယန်တို၏ မူဝါဒအချို့နှင့် ၎င်း၏အစိုးရအဖွဲ့က တောမီးလောင်ကျွမ်းမှုများကို ကိုင်တွယ်ဖြေရှင်းပုံတို့အပေါ် ကန့်ကွက်ဆန္ဒပြမည့် ကျောင်းသားများ၏ လှုပ်ရှားမှုများအပေါ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို ချထားခဲ့ခြင်းလည်းဖြစ်သည်။
၎င်းတို့က အစိုးရအနေဖြင့် ဆူမားတြားနှင့် ဘော်နီယိုကျွန်းများတွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို “အမျိုးသားအဆင့် ဘေးအန္တရာယ်” အဖြစ် ကြေညာရန် တောင်းဆိုထားသည်။ ထို့အပြင် ပရာဘိုဝို၏ အခမဲ့ အစားအစာ ကျွေးမွေးရေးအစီအစဉ်ကဲ့သို့သော လူကြိုက်များစေရန် ရည်ရွယ်သည့် အစီအစဉ်များအတွက် ငွေကြေးသုံးစွဲမှုကို ရပ်တန့်ရန်လည်း တောင်းဆိုထားကြသည်။

ဆန္ဒပြပွဲများတွင် #IndonesiaAware ဟူသော ဟက်ရှ်တက် (hashtag) ကို အသုံးပြုမည်ဟု ကျောင်းသားများက ပြောခဲ့သည်။
ဆန္ဒပြပွဲတွင် ကျောင်းသားဦးရေ မည်မျှ ပါဝင်လာမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
ဘော်နီယိုနှင့် ဆူမားတြားကျွန်းများရှိ မီးခိုးမြူဒဏ်ခံနေရသော ဒေသများတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်အပတ်က အလယ်ပိုင်း ကာလီမန်တန်ဒေသတွင်လည်း ဆန္ဒပြပွဲတစ်ခု ရှိခဲ့သည်။
Saiful Mujani Research and Consulting (SMRC) သုတေသနအဖွဲ့ ၏ စစ်တမ်းများအရ သမ္မတ ပရာဘိုဝို အပေါ် ထောက်ခံမှုနှုန်းထားသည်၎င်း၏သမ္မတသက်တမ်းနှစ်နှစ်တာကာလအတွင်း၊အထူးသဖြင့် ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှစ၍ တဖြည်းဖြည်း ကျဆင်းလာခဲ့ကြောင်း သိရသည်။
Ref: CNA
