၂၈.၁၀.၂၀၂၆
Translated by Htwe Ko Tun
အစ္စရေး ရွေးကောက်ပွဲတွင် ရလဒ်များကို အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်း ခန့်မှန်းချက်များအရ လက်ရှိ ဝန်ကြီးချူပ်နေတန်ယာဟု ဦးဆောင်သည့် ပါတီရော ၎င်း၏ ပြိုင်ဘက်များပါ လွှတ်တော်တွင် အများစုနေရာ အမတ်နေရာ အများစု ရရှိရန် လိုအပ်သည့် အရေအတွက်ကို မရရှိခဲ့ကြကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရကပြုလုပ်သည့် ရွေးကောက်ပွဲတွင် အာရပ်-အစ္စရေး နိုင်ငံရေးပါတီများက အားကောင်းသော ရလဒ်များ ရရှိခဲ့ကြပြီး ၎င်းတို့၏ မဲဆန္ဒရှင်များသည် နေတန်ယာဟုကို ဆန့်ကျင်မဲအများအပြား မဲပေးခဲ့ကြသည်။ လက်ရှိ ရလဒ်များအရ ဤပါတီများသည် အစိုးရဖွဲ့စည်းရေးတွင် အဆုံးအဖြတ်ပေးနိုင်သည့် အဓိက အခန်းကဏ္ဍမှ ပါဝင်လာနိုင်ကြောင်း သုံးသပ်ရသည်။
အစ္စရေး ရွေးကောက်ပွဲတွင် ပထမဆုံး မဲရုံထွက် စစ်တမ်းများ ထွက်ပေါ်လာချိန်၌ အတိုက်အခံဘက်မှ ထောက်ခံသူများနေခဲ့သော်လည်း ညဉ့်နက်လာသည်နှင့်အမျှ နှစ်ဖက်စလုံးမှာ အခြေအနေ တန်းတူနီးပါး ဖြစ်နေကြောင်း ဖော်ပြလာကြသည်။ ဤအခြေအနေတွင် အစိုးရဖွဲ့စည်းရေး၌ အဆုံးအဖြတ်ပေးနိုင်မည့် အာရပ်ပါတီများကလည်း အားကောင်းသော ရလဒ်များကို ရရှိထားကြသည်။ နိုင်ငံအတွက် အလွန်အရေးပါသော ဤအကြိတ်အနယ် ယှဉ်ပြိုင်မှုတွင် နှစ်ဖက်စလုံး၌ စိုးရိမ်ပူပန်မှုများ တိုးပွားလာခဲ့သည်။
ဟားမားစ်အဖွဲ့၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်က မကြုံစဖူး တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် ဤအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ ၇၇ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာ ၎င်းမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ပမာဏ ဖြစ်သည်။
အစ္စရေး အတိုက်အခံ ကိုယ်စားလှယ်လောင်း ဂါဒီ အိုင်စန်ကော့တ်က အစိုးရသစ်ဖွဲ့စည်းရန် အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု အောက်တိုဘာလ ၂၈ ရက်တွင် ကတိပြုခဲ့သည်။ မည်သည့်အုပ်စုကမျှ အမတ်နေရာ အများစုကို မရရှိခဲ့သော်လည်း မဲဆန္ဒရှင်များက နေတန်ယာဟု၏ လူထုကို ကွဲပြားစေသည့် အုပ်ချုပ်ပုံစံကို ငြင်းပယ်လိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနှင့်နေတန်ယာဟု၏ မဟာမိတ်ဖြစ်သူဂီဒီအွန် ဆားကမူ အတိုက်အခံများ၏ အနိုင်ရရှိကြောင်း ကြေညာချက်များက မှန်ကန်သည်ဟုဆိုရန် စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။
နာရီအနည်းငယ်အကြာတွင် အစ္စရေးဝန်ကြီးချုပ်ကလည်း အကြိတ်အနယ်ရှိခဲ့သည့် ရွေးကောက်ပွဲအပြီး အစိုးရသစ်တစ်ရပ် ဖွဲ့စည်းသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။ ၎င်းက အစ္စရေး-အာရပ် လူမျိုးများ၏ ထောက်ခံမှုဖြင့် မည်သည့်ခေါင်းဆောင်မျှ အုပ်ချုပ်သင့်သည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ “ကျွန်ုပ်တို့အနေဖြင့် ခိုင်မာသော လက်ယာယိမ်း အစိုးရတစ်ရပ်ကို ဖွဲ့စည်းရမည်ဖြစ်သည်” ဟု နေတန်ယာဟုက ၎င်းကို အားပေးထောက်ခံသူများအား ပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် အစ္စရေး-အာရပ် ပါတီများက အကြီးအကျယ် အောင်မြင်မှုရရှိခဲ့ကြသည်။ ၎င်းတို့၏ မဲဆန္ဒရှင်များက နေတန်ယာဟုကို ဆန့်ကျင်သည့်အနေဖြင့် အများအပြားထွက်လာပြီး မဲပေးခဲ့ကြသည်။ နေတန်ယာဟုကမူ ဤလူနည်းစုသည် ၎င်းဦးဆောင်နေသည့် ဂျူးအမျိုးသားရေး ဦးတည်ချက်ကို အားနည်းသွားစေလိမ့်မည်ဟု အကြိမ်ကြိမ် သတိပေးပြောဆိုထားသူ ဖြစ်သည်။
အိုင်စန်ကော့တ်က ၎င်းအနေနှင့်လည်း အစ္စရေး-အာရပ်လွှတ်တော်အမတ်များနှင့်ပူးပေါင်း၍ အစိုးရဖွဲ့မည် မဟုတ်ကြောင်း ပြောကြားထားသည်။ သို့သော် အာရပ်လွှတ်တော်အမတ်များက ညွန့်ပေါင်းအစိုးရ တရားဝင် ပါဝင်ခြင်း မရှိဘဲ၊ အိုင်စန်ကော့တ် ဦးဆောင်သည့် လူနည်းစုအစိုးရ ဖွဲ့စည်းနိုင်ရေး လွှတ်တော်မဲခွဲဆုံးဖြတ်မှုများတွင် ထောက်ခံပေးနိုင်သည်။ အကယ်၍ ထိုသို့မဖြစ်လာပါက အစ္စရေးနိုင်ငံသည် နောက်ထပ် ရွေးကောက်ပွဲသစ်များသို့ ဦးတည်သွားနိုင်သည်။
မဲအများဆုံး ရရှိရေး အပြင်းအထန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် နေတန်ယာဟုက အစ္စရေးနိုင်ငံသား အာရပ်လူမျိုးများသည် “ရွေးကောက်ပွဲကို ခိုးယူရန်” ကြံစည်နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထို့အပြင် ၎င်း၏ လီကွဒ်ပါတီက မဲရုံများကို ည ၁၀ နာရီကျော်အထိ ဆက်လက်ဖွင့်လှစ်ထားပေးရန် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများထံ တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ၎င်း၏ ဤလုပ်ရပ်များကြောင့် အတိုက်အခံများက နေတန်ယာဟုအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို ကန့်ကွက်အငြင်းပွားရန်အတွက် အကြောင်းပြချက်များ ရှာဖွေနေခြင်းဖြစ်သည်ဟု ပြောဆိုလာကြသည်။
အီရန်နှင့် ပတ်သက်သည့် ပဋိပက္ခများ၊ ဂါဇာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ၊ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးအခြေချနေထိုင်ရာနေရာများ တိုးချဲ့တည်ဆောက်မှု မြင့်တက်လာခြင်းနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းတို့ကြောင့် အစ္စရေးနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပိုမို၍ အထီးကျန်လာနေချိန်၌ ဤရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်နေတန်ယာဟု ကိုယ်တိုင်လည်း ဂါဇာကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ခံထားရသလို အာဏာလက်လွတ်ဆုံးရှုံးသွားပါက ထောင်ဒဏ်ကျခံရနိုင်သည့် ပြည်တွင်း အဂတိလိုက်စားမှု စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည်။
ယရှာပါတီ ခေါင်းဆောင်၊ စစ်တပ်ဦးစီးချုပ်ဟောင်း ဂါဒီ အိုင်စန်ကော့တ်မှာ နိုင်ငံရေးလောကတွင် အတွေ့အကြုံ နုသူတစ်ဦးဖြစ်ပြီး ၎င်း၏နူးညံ့သိမ်မွေ့သော ပုံစံမှာ စကားပြောကျွမ်းကျင်လိမ္မာသည့် လက်ရှိဝန်ကြီးချုပ်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ မော်ရိုကိုနိုင်ငံမှ ရွှေ့ပြောင်းလာသည့် ဂျူးလူမျိုး အလုပ်သမားလူတန်းစား မိသားစုမှ ဆင်းသက်လာသူ အိုင်စန်ကော့တ်သာ အကယ်၍ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပါက အစ္စရေးနိုင်ငံတွင် အရှေ့အလယ်ပိုင်း သို့မဟုတ် မြောက်အာဖရိကဒေသမှ ဆင်းသက်လာသည့် မျိုးနွယ်၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာမည်ဟုလည်း သိရသည်။
မိမိတို့နိုင်ငံအတွက်အလွန်အရေးပါသည်ဟု ယူဆရသည့် ဤရွေးကောက်ပွဲအတွက် နိုင်ငံရပ်ခြားမှ အစ္စရေးနိုင်ငံသား သောင်းနှင့်ချီ ပြန်လည်ရောက်ရှိလာကာ မဲပေးခဲ့ကြသည်ဟုလည်း ခန့်မှန်းရသည်။
Ref: Le Monde
