◾ ဆိုလာစနစ်တပ်ဆင်ခွင့်ရသည့် နေအိမ်များက မီတာခကုန်ကျစရိတ်သက်သာမှုအပြင် အစိုးရသို့ပါ ပိုလျှံဓာတ်အား ရောင်းချနိုင်မည်
သက်တံ့
၂၈. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံတွင် အိမ်ထောင်စု တစ်သန်းအတွက် အစိုးရက ဘတ် ၅၀,၀၀၀ ထောက်ပံ့ပြီး ဘဏ်များက ဘတ် ၉၀,၀၀၀ ထုတ်ချေးကာ ကနဦး ငွေစိုက်ထုတ်စရာမလိုဘဲ ဆိုလာပြားတပ်ဆင်ပေးမည့် စီမံကိန်းကို စတင်လိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Lavaron Sangsnit က ပြောကြားလိုက်ပြီး လက်ရှိတွင် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်သည်။

ထိုင်းအစိုးရဘဏ် (၃) ခုမှ (၇) နှစ်သက်တမ်းရှိ ချေးငွေများကို အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ထောက်ပံ့ကြေးကြောင့် အိမ်ထောင်စုများအနေဖြင့် ကနဦးစိုက်ထုတ်ငွေ ပေးရန်မလိုဘဲ ဘဏ်ချေးငွေ ဘတ် ၉၀,၀၀၀ ဖြင့် ဆိုလာပြားများ တပ်ဆင်နိုင်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် ခေါင်မိုးပေါ်တပ်ဆင်သည့် စနစ်၊ မြေပြင်တပ်ဆင်သည့် စနစ်နှင့် ရေပေါ်တပ်ဆင်သည့် ဆိုလာစနစ်များအတွက် ထောက်ပံ့ပေးမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးအဖွဲ့အစည်းများမှ အသိအမှတ်ပြုထားသော စံချိန်မီ ဘတ် ၁၄၀,၀၀၀ တန် စနစ်တစ်ခုလျှင် အစိုးရက အိမ်ထောင်စုတစ်စုအတွက် ဘတ် ၅၀,၀၀၀ ထောက်ပံ့ပေးမည်ဖြစ်သည်။
အစိုးရစိုက်ပျိုးရေးနှင့် သမဝါယမဘဏ် (BAAC)၊ အစိုးရအိမ်ရာဘဏ် (GHB) နှင့် အစိုးရစုဆောင်းရေးဘဏ် (GSB) တို့ဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုဘဏ် (၃) ခုက အဆိုပါ သတ်မှတ်ချက်အတိုင်း ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်သည်။
ချေးငွေများအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ်ထားပြီး (၇) နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
◾ အစိုးရထောက်ပံ့ကြေးကြောင့် ချေးငွေ ဘတ် ၉၀,၀၀၀ သို့ လျော့ကျသွားမည်ဖြစ်ပြီး ကနဦးစိုက်ထုတ်ငွေ ပေးရန်မလို
Mr. Lavaron ၏ ပြောကြားချက်အရ စီမံကိန်းတွင် ပါဝင်သူများသည် တပ်ဆင်သည့်အချိန်တွင် မိမိကိုယ်ပိုင်ငွေကို စိုက်ထုတ်ပေးရန် မလိုအပ်ပေ။
ဘတ် ၁၄၀၀၀၀ ကုန်ကျမည့် အိမ်သုံးဆိုလာစနစ်စတင်လည်ပတ်ပါက ဘဏ်များက အစိုးရ၏ ထောက်ပံ့ကြေး ဘတ် ၅၀,၀၀၀ ကို လစဉ်အလိုက် ထုတ်ယူကာ လက်ကျန်ချေးငွေများကို လျှော့ချပေးမည်ဖြစ်၍ အိမ်ထောင်စုတစ်စု၏ အမှန်တကယ်ကျခံရမည့် ချေးငွေပမာဏမှာ ဘတ် ၉၀,၀၀၀ သို့သာ ရောက်ရှိသွားမည် ဖြစ်သည်။
လက်ငင်းငွေချေနိုင်သူများအနေဖြင့် တပ်ဆင်သူထံ ကုန်ကျစရိတ်အားလုံးကို ပေးချေနိုင်ပြီး အစိုးရထောက်ပံ့ကြေး ဘတ် ၅၀,၀၀၀ ကို PromptPay မှတစ်ဆင့် တိုက်ရိုက်ပြန်လည် တောင်းခံနိုင်မည်ဖြစ်သည်။
◾ လျှပ်စစ်ဓာတ်အားကို အစိုးရထံ တစ်ယူနစ်လျှင် ဘတ် ၂ ဒသမ ၂၀ ဖြင့် ပြန်လည်ရောင်းချနိုင်ပြီး လစဉ် ပိုလျှံဝင်ငွေ ဘတ် ၇၀၀ ကျော် ရရှိမည်
အဆိုပါစီမံကိန်းသည် လစဉ် မီတာခ အနည်းဆုံး ဘတ် ၃,၅၀၀ မှ ၄,၀၀၀ နှင့်အထက် ကျသင့်သော အိမ်ထောင်စုများအတွက် သင့်လျော်သည်ဟု သုံးသပ်ထားသည်။ မီတာခ နည်းပါးသော အိမ်များအတွက် ရင်းနှီးမြှုပ်နှံရသည်မှာ ကိုက်ညီမှုရှိမည် မဟုတ်ပေ။
ပုံမှန်အားဖြင့် လစဉ် မီတာခ ဘတ် ၄,၀၀၀ ပေးဆောင်ရသော အိမ်ထောင်စုတစ်ခုတွင် ၅ ကီလိုဝပ် (5kW) ဆိုလာစနစ် တပ်ဆင်ပါက နေ့ဘက်တွင် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား၏ ၄၀ ရာခိုင်နှုန်းကို အိမ်၌ သုံးစွဲနိုင်မည်ဖြစ်ရာ လစဉ် မီတာခ ဘတ် ၁,၁၀၀ မှ ၁,၂၀၀ ခန့် သက်သာစေမည်ဖြစ်သည်။

ကျန်ရှိသော လျှပ်စစ်ဓာတ်အား ၆၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားပေးအဖွဲ့အစည်းသို့ တစ်ယူနစ်လျှင် ဘတ် ၂ ဒသမ ၂၀ နှုန်းဖြင့် ပြန်လည်ရောင်းချနိုင်ပြီး လစဉ် ပိုလျှံဝင်ငွေ ဘတ် ၇၀၀ ကျော် ရရှိမည်ဖြစ်သည်။
စုစုပေါင်း ကုန်ကျစရိတ်သက်သာမှုနှင့် လျှပ်စစ်ပြန်ရောင်းရငွေ ပေါင်းလိုက်ပါက လစဉ် ဘတ် ၁,၈၀၀ ခန့် အကျိုးအမြတ် ရရှိမည်ဖြစ်သည်။
လစဉ် ဘဏ်ချေးငွေ ပြန်ဆပ်ငွေ ဘတ် ၁,၁၀၀ ခန့် ဖယ်ရှားလိုက်ပြီးသည့်တိုင် ထိုအိမ်ထောင်စု၏ အမှန်တကယ် ကုန်ကျမည့် လျှပ်စစ်စရိတ်မှာ လစဉ် ဘတ် ၃,၂၀၀ မှ ၃,၃၀၀ သို့ လျော့ကျသွားမည်ဖြစ်ရာ ချေးငွေဆပ်နေသည့် ကာလတစ်ခုလုံးတွင် လစဉ် ဘတ် ၇၀၀ ခန့် ချက်ချင်း သက်သာသွားမည်ဖြစ်သည်။
(၇) နှစ် ချေးငွေဆပ်ပြီးပါက ဘဏ်သို့ ချေးငွေဆပ်ရန် မလိုတော့ဘဲ၊ ဆိုလာပြားများ၏ ပျမ်းမျှသက်တမ်း နှစ် ၂၀ အနက် ကျန်ရှိသော နှစ် (၁၃) နှစ်လုံးလုံး လစဉ် ဘတ် ၁,၁၀၀ ခန့် သက်သာမည့် အကျိုးကျေးဇူးကို အပြည့်အဝ ဆက်လက်ရရှိမည် ဖြစ်သည်။
◾ Credit Bureau က စစ်ဆေးမည်မဟုတ်၊ ဆိုလာစနစ်ကိုပင် အာမခံပစ္စည်းအဖြစ် ထားရှိမည်
ဆိုလာစနစ်များကပင် အာမခံ (Collateral) ဖြစ်သွားမည်ဖြစ်သောကြောင့် ဘဏ်များသည် Credit Bureau (ကြွေးမြီရာဇဝင် စစ်ဆေးမှု) ကို ကင်းလွတ်ခွင့်ပေးကာ ချေးငွေစည်းကမ်းများကို လျှော့ချပေးမည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အားပေးအဖွဲ့အစည်းများက ချေးငွေပြန်ဆပ်ငွေကို လျှပ်စစ်မီတာခများမှတစ်ဆင့် တစ်ပါတည်း ကောက်ခံသွားမည်ဖြစ်သောကြောင့် ချေးငွေဆုံးရှုံးနိုင်ခြေ နည်းပါးသည်ဟု ယူဆထားသည်။
ချေးငွေဆပ်ရမည့် (၇) နှစ်အတွင်း စနစ်များ၏ အာမခံကို ဘဏ်များက တာဝန်ယူပေးမည်ဖြစ်ပြီး၊ ထုတ်လုပ်မှုစွမ်းအား အပြည့်အဝရရှိစေရန် ဆိုလာပြား ဆေးကြောသန့်စင်ပေးသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးမည် ဖြစ်သည်။
သို့သော်လည်း လျှပ်စစ်ထုတ်လုပ်မှုမှာ နေ့စဉ် ရာသီဥတုနှင့် နေရောင်ခြည်ရရှိမှုအပေါ် မူတည်သောကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်သည့် ပမာဏအတိအကျကိုတော့ အာမခံပေးနိုင်မည် မဟုတ်ပေ။
◾ မီတာတစ်လုံးလျှင် အခွင့်အရေး တစ်ကြိမ်သာ ရရှိမည်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ လျှောက်ထားနိုင်
လျှောက်ထားနိုင်သည့် သတ်မှတ်ချက်မှာ မီတာပိုင်ရှင် သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးအဖွဲ့အစည်း၏ စာချုပ်ပိုင်ရှင် အမည်အပေါ် မူတည်၍ မီတာတစ်လုံးလျှင် အခွင့်အရေး တစ်ကြိမ်သာ ရရှိမည်ဖြစ်သည်။
အိမ်အဟောင်း (Second-hand home) ဝယ်ယူထားသူများသည် မီတာပိုင်ရှင်အမည်ကို မှန်ကန်စွာ ပြောင်းလဲထားရန် လိုအပ်သည်။
မီတာအများအပြား ပိုင်ဆိုင်သူများသည် အိမ်အများအပြားအတွက် လျှောက်ထားနိုင်သော်လည်း ဘတ် ၅၀,၀၀၀ ထောက်ပံ့ကြေးကိုမူ မီတာတစ်လုံးလျှင် တစ်ကြိမ်သာ ရရှိမည်ဖြစ်သည်။ ထပ်မံလျှောက်ထားခြင်းများ ရှိမရှိကို ဗဟိုဒေတာဘေ့စ်မှတစ်ဆင့် စစ်ဆေးသွားမည်ဖြစ်သည်။
အစိုးရသည် စီမံကိန်းအတွက် စိတ်ပါဝင်စားသူများ၏ စာရင်းကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် (အင်္ဂါနေ့) မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် (တနင်္ဂနွေနေ့) အထိ လက်ခံသွားမည်ဖြစ်သည်။
လျှောက်ထားလိုသူများသည် Metropolitan Electricity Authority (MEA) နှင့် Provincial Electricity Authority (PEA) ဝက်ဘ်ဆိုက်များမှတစ်ဆင့် အွန်လိုင်းဖြင့် လျှောက်ထားနိုင်သလို၊ ပါဝင်သော ဘဏ်များမှ ဝန်ဆောင်မှုပေးနေသည့် လျှပ်စစ်ဌာနများ၏ One-Stop Service စခန်းများသို့လည်း လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သည်။
ထို့နောက် လျှပ်စစ်ဌာနများမှ အသိအမှတ်ပြုထားသော ကုမ္ပဏီ ၄၀၀ ခန့်မှ နည်းပညာအဖွဲ့များသည် ခေါင်မိုးကြံ့ခိုင်မှုနှင့် နေရောင်ခြည်ရရှိမှု စသည့် နည်းပညာဆိုင်ရာ ကိုက်ညီမှုများကို ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်သည်။
စစ်ဆေးဆန်းစစ်မှုများကို ၂၀၂၇ ခုနှစ်၊ ဇွန် ၃၀ ရက် မတိုင်မီ ပြီးစီးရန် သတ်မှတ်ထားသည်။ ထို့နောက် စနစ်တပ်ဆင်ရန် ဖြစ်နိုင်ခြေရှိသော အိမ်ထောင်စု အရေအတွက်ပေါ် မူတည်၍ အမှန်တကယ် လိုအပ်သည့် ချေးငွေပမာဏကို အတည်ပြု သတ်မှတ်သွားမည်ဖြစ်သည်။
◾ ဆိုလာ၊ Smart Meter နှင့် သင်တန်းများအတွက် ချေးငွေ ဘတ် ၇၀ ဘီလီယံကျော် သုံးစွဲမည်
အရေးပေါ် ချေးငွေထုတ်ပြန်ချက်ဥပဒေမှတစ်ဆင့် ဘဏ္ဍာရေးထောက်ပံ့ပေးမည့် အဆိုပါစီမံကိန်း၏ ခန့်မှန်းကုန်ကျစရိတ်မှာ ဘတ် ၇၀ ဘီလီယံကျော် ရှိသည်။
ယင်းအနက် ဆိုလာထောက်ပံ့ကြေးအတွက် ဘတ် ဘီလီယံ ၅၀၊ MEA နှင့် PEA တို့၏ Smart Meter မြှင့်တင်ရေးအတွက် တစ်ခုလျှင် ဘတ် ၁၀ ဘီလီယံကျော်စီနှင့် အလုပ်လက်မဲ့များကို ဆိုလာပြား တပ်ဆင်သည့် လုပ်သားများအဖြစ် လေ့ကျင့်ပေးရန် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအတွက် ချေးငွေ ဘတ် ၁ ဘီလီယံ ပါဝင်သည်ဟုလည်း သိရသည်။
Ref: The Nation Thailand

