သက်တံ့
၂၈. ၁၀. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့တွင် ခင်ပွန်းဖြစ်သူက အိမ်၌ “ပိတ်လှောင်” ထားခဲ့ပြီးနောက် မြန်မာနိုင်ငံဖွား အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့ကြသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံဖွားဟုဆိုသူ အမျိုးသား ၃ ဦးကို အောက်တိုဘာ ၂၇ ရက် (အင်္ဂါနေ့) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ပြုကျင့်ခံရသူ၏ တိုင်ကြားချက်အရ ကန်ချန်ဘက်ချ် (Kanchanbagh) ရဲစခန်းတွင် အိန္ဒိယရာဇသတ်ကြီး (BNS) ဥပဒေပုဒ်မ ၆၄(၂)(ဌ) (အဓမ္မပြုကျင့်မှုဆိုင်ရာ လုပ်ရပ်များ)၊ ပုဒ်မ ၁၂၇(၄) (ရက် ၁၀ ရက် သို့မဟုတ် ထို့ထက်ပို၍ တရားမဝင် ဖမ်းဆီးချုပ်နှောင်ခြင်း) နှင့် ပုဒ်မ ၃၅၁ (ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်ခြင်း) တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။ အမျိုးသမီး၏ ခင်ပွန်းနှင့် ၎င်း၏သူငယ်ချင်းသုံးဦးစလုံးမှာ မြန်မာနိုင်ငံဖွားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြခဲ့သည်။
◾️ ယခုနှစ် မေလတွင် ဟိုက်ဒရာဘတ်သို့ ရောက်ရှိလာ
တိုင်ကြားချက်အရ အဆိုပါ ပြုကျင့်ခံရသည့် အသက် ၁၈ နှစ်အရွယ် Humaira Tamanna သည် လက်ထပ်မည်ဟု ကတိပေးခဲ့သော အဓိကတရားခံ Mohammed Fayaz နှင့်အတူ ၂၀၂၆ ခုနှစ် မေလတွင် ဟိုက်ဒရာဘတ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြပြီး ဟာဖစ်ဇ် ဘာဘာ နာဂါ (Hafeez Baba Nagar) ရှိ စခန်းနံပါတ် (၂၁) တွင် ငှားရမ်းထားသော အိမ်တစ်လုံး၌ အတူတကွ နေထိုင်ခဲ့ကြသည်။ အချိန်အတန်ကြာပြီးနောက် ခင်ပွန်းဖြစ်သူ Fayaz က ၎င်း၏ မိတ်ဆွေများဖြစ်ကြသော Ahmad Mujeeb၊ Noor Kamal နှင့် Zia-ur-Rehman (ခေါ်) Ibrahim တို့ကို အိမ်တွင် လာရောက်နေထိုင်ရန် ခေါ်ဆောင်လာခဲ့ကြောင်း တိုင်ကြားသူက ဖော်ပြခဲ့သည်။
ခင်ပွန်းဖြစ်သူသည် အိမ်မှထွက်သွားစဉ် အပြင်မှ သော့ခတ်သွားလေ့ရှိပြီး၊ ၎င်း၏ မိတ်ဆွေများက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြကာ ဤအဖြစ်အပျက်များကို မည်သူ့ကိုမျှ မပြောပြရန်နှင့် ပြောပြပါက ဆိုးရွားသော အကျိုးဆက်များ ကြုံတွေ့ရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သူမက ထပ်လောင်းစွပ်စွဲခဲ့သည်။

◾️ အိမ်ရှင်မှ ကယ်တင်ပေးခဲ့
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ပေးရန်ကျန်နေသည့် အိမ်ငှားခလာကောက်သော အိမ်ရှင်သည် အိမ်ကို အပြင်မှ သော့ခတ်ထားသည်ကို တွေ့ရှိရသဖြင့် သော့ကို ဖျက်ဆီးဖွင့်လှစ်ခဲ့ရာ အခန်းထဲတွင် ရှိနေသော အဆိုပါအမျိုးသမီးကို တွေ့ရှိခဲ့ရသည်။
ထို့နောက် တိုင်ကြားသူသည် မိသားစုဝင်များထံ ဆက်သွယ်ခဲ့ပြီး မြို့တွင်းရှိ ဘာလာပူရ် (Balapur) ရှိ သူမ၏ ဆွေမျိုးတစ်ဦး၏ နေအိမ်သို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
အောက်တိုဘာ ၂၆ ရက်နေ့တွင် သူမကို ကန်ချန်ဘက်ချ် ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ပြီး တရားခံများအပေါ် တိုင်ကြားချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
သတင်းဆောင်းပါးများတွင် ပါရှိသည့် အချက်အလက်များအရ ဤဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများဖြစ်သည့် ခင်ပွန်းဖြစ်သူ Mohammad Fayaz နှင့် သူ၏သူငယ်ချင်း ၃ ဦးသည် မြန်မာနိုင်ငံမှဖြစ်ပြီး ဟိုက်ဒရာဘတ်မြို့ရှိ ဒုက္ခသည်စခန်း (Refugee Camp) တွင် နေထိုင်ကြသူများဖြစ်ကြောင်းနှင့် အမျိုးသမီးမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား (Cox’s Bazar) ဒေသဘက်မှတစ်ဆင့် ရောက်ရှိလာခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာများက ဖော်ပြထားပြီး ဘင်္ဂါလီနွယ်ဖွားဖြစ်ကြောင်း ဖော်ပြမထားဘဲ မြန်မာနိုင်ငံသားများဟုသာ ဖော်ပြထားသည်။
လက်ရှိအခြေအနေတွင် ပြုကျင့်သူတရားခံသုံးဦးကို ဖမ်းမိထားပြီး အဓိကတရားခံဖြစ်သော ခင်ပွန်းဖြစ်သူ Fayaz မှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။
Ref: India Today & Siasat
