၂၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံတွင် အောက်တိုဘာလ ၂၇ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပြီးတွင် အဓိကပြိုင်ဘက်နှစ်ဦးဖြစ်ကြသော လီကွဒ်ပါတီခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုနှင့် အတိုက်အခံ ယရှာပါတီခေါင်းဆောင် ဂါဒီ အိုင်စန်ကော့တ်တို့ နှစ်ဦးစလုံးက ၎င်းတို့အနေဖြင့် အစိုးရသစ်ဖွဲ့စည်းရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသော်လည်း ၎င်းတို့ဦးဆောင်သည့် ပါတီများအနက် မည်သည့်ပါတီကမှ အစိုးရသစ်ဖွဲ့နိုင်သည့် အမတ်နေရာအများစုကို အောက်တိုဘာလ ၂၈ ရက် မဲရေတွက်ပြီးသည်အထိ မရရှိကြသေးကြောင်း သိရသည်။
အောက်တိုဘာလ ၂၈ ရက် မဲရေတွက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးချိန်တွင် နေတန်ယာဟု ဦးဆောင်သည့် လီကွဒ်ပါတီ ပါဝင်သော မဟာမိတ်အဖွဲ့က အမတ်နေရာ ၅၃ နေရာဖြင့် ဦးဆောင်နေသည်။ ယရှာပါတီခေါင်းဆောင် ဂါဒီ အိုင်စန်ကော့တ် ဦးဆောင်သည့် အတိုက်အခံမဟာမိတ်အဖွဲ့က အမတ်နေရာ ၄၈ နေရာ ရရှိထားကြောင်းလည်းသိရသည်။ မဲရေတွက်မှု ပြီးဆုံးလုနီးပါးဖြစ်သော်လည်း နေတန်ယာဟုနှင့် အိုင်စန်ကော့တ်တို့ နှစ်ဖက်စလုံးပင် အစိုးရအသစ်ဖွဲ့ရန် လွှတ်တော်တွင်အမတ်နေရာ အများစုဖြစ်သည့် အနည်းဆုံး အမတ် ၆၁ နေရာရရှိရန် အလှမ်းဝေးနေကြဆဲဖြစ်သည်။
ထို့ကြောင့် မည်သည့်ပါတီကမျှ အမတ်နေရာ အများစုကို တစ်ဦးတည်း ရရှိနိုင်မည်ဟု မမျှော်လင့်ရဘဲ လာမည့် ရက်သတ္တပတ်များအတွင်း မဟာမိတ်အစိုးရ ဖွဲ့စည်းရေးအတွက် ခက်ခဲသော ညှိနှိုင်းမှုများ ရှိလာနိုင်ဖွယ်ရှိသည်။
Times of Israel သတင်းဌာန၏ ဖော်ပြချက်အရ ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) ၏ အချက်အလက်များအရ မဲအရေအတွက် ၈၉ ဒ သမ၈ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးချိန်တွင် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ဦးဆောင်သော မဟာမိတ်အဖွဲ့သည် အမတ်နေရာ ၁၂၀ ရှိသည့် အစ္စရေး လွှတ်တော်တွင် ၅၃ နေရာ ရရှိရန် သေချာနေပြီး စစ်ဘက် တပ်မှူးဟောင်း အိုင်စန်ကော့တ်၏ ယရှာပါတီက ၄၈ နေရာရရှိထားသည်။
သို့ဖြစ်၍ မဟာမိတ်အဖွဲ့ နှစ်ခုစလုံးသည် အမတ်နေရာ အများစုရရှိရန် လိုအပ်သည့် ၆၁ နေရာနှင့် အတော်လေး ကွာဟနေဆဲဖြစ်သည်။
အာရပ်လူမျိုးများ အဓိကပါဝင်သည့် ပါတီနှစ်ခုက စုစုပေါင်း အမတ်နေရာ ၁၉ နေရာ ရရှိနိုင်ဖွယ်ရှိပြီး ၎င်းမှာ ယခင်က အများဆုံးရရှိခဲ့ဖူးသည့် ၁၅ နေရာထက် ကျော်လွန်ကာ စံချိန်သစ်တစ်ခု ဖြစ်လာသည်။
နေတန်ယာဟုက အမတ်နေရာ အများစုရရှိရန် အာရပ်ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို ငြင်းပယ်ထားသကဲ့သို့ အိုင်စန်ကော့တ် ကိုယ်တိုင်ကလည်း ယခင်က ၎င်းကို ငြင်းပယ်ထားခဲ့ဖူးသည်။ သို့သော် ၎င်း၏ မဟာမိတ်အဖွဲ့အတွင်းရှိ ပါတီအချို့ကမူ ယင်းကိစ္စကို စဉ်းစားဖွယ်ရှိကြောင်း အရိပ်အယောင်များ တွေ့ရသည်။
အောက်တိုဘာလ ၂၉ ရက် တွင် စတင်ရေတွက်ခဲ့သည့် “စာအိတ်နှစ်ထပ်” စနစ်ဖြင့် ပေးပို့သော မဲများ (လူကိုယ်တိုင် မလာရောက်နိုင်သူများ၏ မဲများ) သည် စုစုပေါင်းမဲ၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိသော်လည်း၊ ၎င်းတို့က ရွေးကောက်ပွဲ ရလဒ်အပေါ် သိသိသာသာ ပြောင်းလဲမှု ဖြစ်ပေါ်စေလိမ့်မည်ဟု မမျှော်လင့်ရပေ။
‘စာအိတ်နှစ်ထပ်’ စနစ်ဖြင့် ပေးပို့သည့် ဤကဲ့သို့သော မဲများကို အဓိကအားဖြင့် စစ်သည်များ၊ အကျဉ်းသားများ၊ နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းဆောင်နေသော သံတမန်များနှင့် သတ်မှတ်ထားသည့် မဲရုံများတွင် သွားရောက်မဲပေးနိုင်ခြင်း မရှိသူများက ပေးအပ်ကြခြင်း ဖြစ်သည်။
အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) က ဤကဲ့သို့သော မဲအရေအတွက် ၄၃၀,၀၀၀ မှ ၄၈၀,၀၀၀ ခန့် ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။ ၎င်းပမာဏသည် ယခင်က ခန့်မှန်းထားခဲ့သည့် ၆၀၀,၀၀၀ ခန့်ထက် နည်းပါးသော်လည်း စုစုပေါင်းမဲပေးမှု၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိနေဆဲဖြစ်သည်။
ပုံမှန်မဲများကို အပြည့်အဝ ရေတွက်ပြီးစီးခြင်း မရှိသေးကြောင်း CEC က ပြောကြားခဲ့သည်ဟု The Times of Israel သတင်းဌာနက ကိုးကားဖော်ပြထားသည်။
မဲအရေအတွက် အပြည့်အဝ ရေတွက်ပြီးစီးမှုကို အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် မျှော်မှန်းထားသော်လည်း တရားဝင် အပြီးသတ်ရလဒ်များကိုမူ နိုဝင်ဘာလ ၄ ရက်နေ့အထိ ထုတ်ပြန်ကြေညာမည် မဟုတ်ပေ။
Ref : The Times of Israel
