၂၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်အတွင်းသို့ ပစ်မှတ်ထားကာ တာတိုပစ် တိုက်ချင်းပစ်ဒုံးကျည် ၁၀ စင်းခန့်ကို အောက်တိုဘာလ ၂၉ ရက်တွင် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်များကို မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဝွန်ဆန်မြို့အနီးဝန်းကျင်မှ နေ့လယ် ၁၂:၃၀ နာရီ (GMT စံတော်ချိန် နံနက် ၀၃:၃၀ နာရီ) ခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း JCS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယား စစ်တပ်အနေဖြင့် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ထံမှ သတင်းအချက်အလက်များကို အနီးကပ်ဖလှယ်လျက်ရှိပြီးနောက်ထပ် ဒုံးကျည်ပစ်ခတ်မှုများ ဖြစ်လာနိုင်ခြေအတွက် စောင့်ကြည့်ထောက်လှမ်းမှုများကို တိုးမြှင့်ကာ အသင့်အနေအထားဖြင့် ရှိနေကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ဒုံးကျည်ဖြစ်နိုင်သည့် အရာဝတ္ထုတစ်ခုကို ပစ်ခတ်ခဲ့ကြောင်းနှင့် ယင်းသည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) ပြင်ပသို့ ကျရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ပစ်ခတ်လိုက်သည့် အရာဝတ္ထုမှာ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်နိုင်ပြီး ပင်လယ်ပြင်အတွင်းသို့ ကျရောက်သွားပြီဖြစ်ကြောင်း အစောပိုင်းက ပြောကြားထားသည်။
ပြီးခဲ့သည့်လက မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သားများ ဒဏ်ရာရရှိခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တွင် တင်းမာမှုများ မြင့်တက်နေချိန်၌ မြောက်ကိုရီးယားသည် နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၂ ရက်က တိုက်ချင်းပစ် ဒုံးကျည်များကို ပစ်ခတ်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည်ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများကို ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ဖြစ်သည်။
Ref: Reuters
