၂၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ မူဝါဒများကို ဝေဖန်ထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြသူများသည် ဂျကာတာမြို့၏ အစည်ကားဆုံး လမ်းမကြီးနှစ်ခုတွင် အောက်တိုဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့က စုဝေးဆန္ဒပြရန် ရောက်ရှိလာခဲ့ကြသည်။
ဆန္ဒပြကျောင်းသားများက ဂျကာတာမြို့လယ်၌ တင်းကျပ်သော လုံခြုံရေးအစီအမံများချထားသည့် ကြားမှပင် အစိုးရထောက်ပံ့ကြေးများ လျော့နည်းလာခြင်း၊ တောမီးနှင့် မြေပြင်မီးလောင်ကျွမ်းမှုများကို အစိုးရက ကိုင်တွယ်ဖြေရှင်းပုံနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုတို့အပေါ် လမ်းမများပေါ်တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ဂျကာတာမြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားများနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများမှ ဆန္ဒပြသူများသည် မြို့၏ အစည်ကားဆုံး လမ်းမကြီးနှစ်ခုဖြစ်သည့် ဂျာလန် သမ်ရင်းနှင့် ဂျာလန် ဆူဒါမန် လမ်းမများပေါ်သို့ စုဝေးရောက်ရှိလာခဲ့ကြသည်။ အဆိုပါလမ်းမကြီးများ ပေါ်တွင် ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီကြီးများစွာ၏ ရုံးချုပ်များ တည်ရှိသည်။ ဆန္ဒပြသူများက သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ မူဝါဒများကို ဝေဖန်ထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားခဲ့ကြသည်။
ထို့အပြင် ၎င်းတို့က အစိုးရအနေဖြင့် ဆူမားတြားနှင့် ကာလီမန်တန်ဒေသများတွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို “အမျိုးသားအဆင့် ဘေးအန္တရာယ်” အဖြစ် ကြေညာရန် တောင်းဆိုခဲ့ကြသည်။ သမ္မတ ပရာဘိုဝို၏ အခမဲ့ အစားအစာကျွေးမွေးရေး အစီအစဉ် ကဲ့သို့သော လူကြိုက်များစေရန် ရည်ရွယ်သည့် အစီအစဉ်များအတွက် ငွေကြေးသုံးစွဲမှုကို ရပ်တန့်ရန်လည်း တောင်းဆိုခဲ့သည်။ အဆိုပါအစီအစဉ်များကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဘတ်ဂျက်သုံးစွဲမှု ပမာဏမှာ အလွန်အမင်း မြင့်တက်လာခဲ့ပြီး ဘေးအန္တရာယ် လျော့ပါးရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကဲ့သို့သော ပိုမိုအရေးကြီးသည့် ကဏ္ဍများအတွက် သုံးစွဲမည့် ဘတ်ဂျက်များကို ထိခိုက်စေခဲ့သည်။
ယခုနှစ်အတွက် ကျောင်းများတွင် အခမဲ့ အစားအစာကျွေးမွေးရေး အစီအစဉ်အတွက် ဘတ်ဂျက်မှာ ရူပီးငွေ ၂၂၉ ထရီလျံ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ) ဖြစ်သည်။ ဤပမာဏသည် ယခင်က လျာထားခဲ့သည့် ရူပီးငွေ ၂၆၈ ထရီလျံ ထက် လျော့နည်းသွားခြင်းဖြစ်ကြောင်း အဆိုပါစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေသည့် အကြီးတန်းအရာရှိများက ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့ပြီးဘတ်ဂျက်ထပ်မံ လျှော့ချခံရနိုင်ခြေလည်း ရှိသေးကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် အမျိုးသား ဘေးအန္တရာယ်လျော့ပါးရေး အေဂျင်စီ (BNPB) ၏ ထိုစဉ်က အကြီးအကဲဖြစ်သူ ဆူဟာယန်တိုက ၂၀၂၆ ခုနှစ်အတွက် အဆိုပါအေဂျင်စီအနေဖြင့် ရူပီး ၄၉၁ ဘီလျံသာ ရရှိမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလတွင် ပြောကြားခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ကထက် ၇၅ ရာခိုင်နှုန်းနီးပါး လျော့ကျသွားခြင်းဟုဆိုသည်။
ဆန္ဒပြသူများက အင်ဒိုနီးရှားအစိုးရက စွမ်းအင်ဆိုင်ရာ ထောက်ပံ့ကြေးငွေကို ယခုနှစ်တွင် ရူပီယာ ၃၇၆ ဒသမ ၈ ထရီလျံ ရှိရာမှ လာမည့်နှစ်တွင် ရူပီယာ ၂၆၁ ထရီလျံအထိ လျှော့ချရန် စက်တင်ဘာလနှောင်းပိုင်းက ဆုံးဖြတ်ခဲ့ခြင်းကိုလည်း ဝေဖန်ခဲ့ကြသည်။
အောက်တိုဘာလ ၂၈ ရက်က ပြုလုပ်သည့် ဆန္ဒပြပွဲသည် အင်ဒိုနီးရှားနိုင်ငံ၏ “လူငယ်ကတိသစ္စာပြုနေ့” (Youth Pledge Day) နှင့် တိုက်ဆိုင်နေသည်။ ဤနေ့သည် ၁၉၂၈ ခုနှစ်က အင်ဒိုနီးရှား လူငယ်များ စည်းလုံးညီညွတ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံ၏ အမျိုးသားလက္ခဏာရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့် အဖြစ်အပျက်ကို အောက်မေ့သတိရသော နေ့တစ်နေ့ ဖြစ်သည်။
ဆန္ဒပြပွဲနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ချထားခဲ့ပြီး ကျောင်းသားများအနေဖြင့် ဆန္ဒပြရန် လူကြိုက်များသည့် နေရာတစ်ခုဖြစ်သော ဟိုတယ် အင်ဒိုနီးရှား အဝိုင်းပတ်သို့ ရောက်ရှိမလာနိုင်အောင် တားဆီးပိတ်ပင်ထားခဲ့သည်။
ကျောင်းသားများက CNA သတင်းဌာနသို့ ပြောကြားရာတွင် ၎င်းတို့သည် အဆိုပါ အဝိုင်းပတ်မှ သမ္မတနန်းတော်ဆီသို့ ချီတက်ရန် စီစဉ်ထားခဲ့ကြောင်း ဆိုသည်။ သို့သော် လမ်းပိတ်ဆို့ထားမှုများကြောင့် ကျောင်းသားများသည် ဂျကာတာမြို့ရှိ နေရာအသီးသီးသို့ ကွဲပြားသွားခဲ့ရသည်။
ဆန္ဒပြသူများက ရှေ့ဆက်တိုးရန်နှင့် ရဲတပ်ဖွဲ့၏ အတားအဆီးများကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးပမ်းစဉ် အသေးစား ပဋိပက္ခအချို့ ဖြစ်ပွားခဲ့သော်လည်း ရဲတပ်ဖွဲ့က ၎င်းကြိုးပမ်းမှုများကို ထိန်းချုပ်နိုင်ခဲ့သည်။
ဘော်နီယိုနှင့် ဆူမားတြာကျွန်းများရှိ မီးခိုးမြူများ ဖုံးလွှမ်းခံထားရသည့် ဒေသများတွင်လည်း ဆန္ဒပြပွဲများ ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့ပြီး အလယ်ပိုင်း ကာလီမန်တန် ဒေသတွင်လည်း ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။
သမ္မတ ပရာဘိုဝို၏ သမ္မတသက်တမ်း နှစ်နစ်ပြည့်မြောက်ချိန်တွင် Saiful Mujani Research and Consulting (SMRC) ၏ စစ်တမ်းများအရ ၎င်းအပေါ် ထောက်ခံမှုနှုန်းထားများသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းမှစ၍ တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။
Ref- CNA
